၂၀၂၅ ခုနှစ်  အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအနက်  လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၁ ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ် UEC ကြေညာ

၂၀၂၅ ခုနှစ်  အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအနက်  လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၁ ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ် UEC ကြေညာ
Published 28 May 2026

၂၀၂၅ ခုနှစ်  အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအနက် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၁ ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၄၇/၂၀၂၆)ဖြင့် ၂ဝ၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင်ဖော်ပြထားသည်။

ထိုသို့ အရည်အချင်းပျက်ယွင်းသူများအဖြစ် ကြေညာခံရသူများမှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ၁၂ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ၁၂ ဦး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငါးဦး၊ ပြည်သူ့ပါတီ(PP)မှ လေးဦး၊ တိုင်းရင်းသားစည်လုံးညီညွတ်ရေးပါတီ(တစည)မှ နှစ်ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှစ်ဦး၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီမှ တစ်ဦး၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ပါဝင်သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၅ နှင့် နည်းဥပဒေ ၁၀၂ တို့အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျ စရိတ်စာရင်းကို ဥပဒေသတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့ တင်သွင်းရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရန်ပျက်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ (စ) အရ တရားမဲ့ပြုကျင့်မှု ကျူးလွန်ခြင်းဖြစ်ကြောင် UEC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ဥပဒေနှင့်အညီ တင်သွင်းရန်ပျက်ကွက်သူများအား အရည်အချင်း ပျက်ယွင်းသူများအဖြစ် သတ်မှတ်ရန် သင့် မသင့် ဆုံးဖြတ်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းစစ်ဆေးစေခဲ့ကြောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့များက လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၄၁ ဦးသည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း တင်သွင်းရန်ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁ဝ၈ (က) အရ အရည်အချင်းပျက်ယွင်းသူများဖြစ်ကြောင်းဆုံးဖြတ်၍ ကော်မရှင်သို့ အစီရင်ခံတင်ပြခဲ့ကြောင်း သိရသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်နှင့် အစီရင်ခံစာ များကိုစိစစ်၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၉ အရ အထက်ပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ရွေးကောက်ပွဲကိုယ်စားလှယ်တို့အား အရည်အချင်းပျက်ယွင်းသူများ ဖြစ်ကြောင်း ကြေညာလိုက်ကြောင်း သိရသည်။

ယင်းသို့အရည်အချင်းပျက်ယွင်းသူများဖြစ်ကြောင်း ကြေညာခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် ယင်းတို့၏ရွေးကောက်ပွဲကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၈ (ဃ) အရ ယခုကြေညာသည့်နေ့မှစ၍ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့် ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်းနှင့် အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလည်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၂ အရ တင်သွင်းသော နိုင်ငံရေးပါတီများ၏ ဦးစားပေးအစီအစဉ်အတိုင်းပြုစုထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း UEC က ကြေညာခဲ့သည်။

Most Read

Most Recent