လာအိုနိုင်ငံတွင် ရေကြီးနစ်မြုပ်နေသော ဂူတစ်ခုအတွင်း ပိတ်မိနေသည့် လူ ခုနစ်ဦးအနက် ငါးဦးကို အသက်ရှင်လျက်ရှာဖွေတွေ့ရှိ

လာအိုနိုင်ငံတွင် ရေကြီးနစ်မြုပ်နေသော ဂူတစ်ခုအတွင်း ပိတ်မိနေသည့် လူ ခုနစ်ဦးအနက် ငါးဦးကို အသက်ရှင်လျက်ရှာဖွေတွေ့ရှိ
Published 28 May 2026
Ref:AFP

၎င်းတို့အား ဂူထဲမှ ပြန်လည်ခေါ်ထုတ်ရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦး ပြောကြား

လာအိုနိုင်ငံတွင် ရေကြီးနစ်မြုပ်နေသော ဂူတစ်ခုအတွင်း သီတင်းတစ်ပတ်ကြာ ပိတ်မိနေခဲ့သည့် လူ ခုနစ်ဦးအနက် ငါးဦးကို မေ ၂၇ ရက်တွင် ရေငုပ်သမားများက အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

ပိတ်မိနေသူများအား ဂူ၏ အဆုံးစွန်ဆုံးနေရာမှ အပြင်သို့ ပြန်လည်ခေါ်ထုတ်ရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားခဲ့သည်။

လာအိုနိုင်ငံသား ခုနစ်ဦးသည် ဗီယင်ကျန်းမြို့တော်၏ အရှေ့မြောက်ဘက်၊ ဆိုင်စမ်ဘွန်ပြည်နယ်ရှိ ဂူတစ်ခုအတွင်းသို့ မေ ၂၀ ရက်က ဝင်ရောက်သွားခဲ့ကြခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

၎င်းတို့သည် ရွှေရှာဖွေရန် သွားရောက်ခဲ့ခြင်းဖြစ်သော်လည်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ဂူထွက်ပေါက် ပိတ်ဆို့သွားခဲ့သဖြင့် အတွင်း၌ ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းကယ်ဆယ်ရေးသမား ချက်ကစ်တန်တန် တင်ထားသည့် ဗီဒီယိုတစ်ခုတွင် ရွှံ့နွံများ ပေကျံနေသည့် အဝတ်အစားများ၊ လက်များနှင့် မျက်နှာများဖြင့် အမျိုးသား ငါးဦးသည် ဂူ၏ ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုအတွင်း အတူတကွ စုပြုံထိုင်နေကြပြီး၊ ၎င်းတို့၏ ရှေ့တွင်မူ ဝမ်းဗိုက်အထိ နက်သောရေထဲ၌ ရေငုပ်ဝတ်စုံ အပြည့်အစုံဖြင့် ရပ်နေသည့် ကယ်ဆယ်ရေးသမား နှစ်ဦးက ဗီဒီယိုရိုက်ကူးနေသည်ကို မြင်တွေ့ရသည်။

“လာအိုနိုင်ငံသား ငါးဦးကို ကျွန်တော်တို့ ရှာတွေ့ပါပြီ။ အားလုံး ဘေးကင်းကြပါတယ်။ ဆက်ပြီးတော့လည်း ကူညီပေးသွားမှာပါ” ဟု ထိုင်းကယ်ဆယ်ရေး ရေငုပ်သမား နော်ရာဆက် ပါလာဆင်းက ဗီဒီယိုဖိုင်ထဲတွင် ပြောကြားခဲ့သည်။

ဂူအတွင်းရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထဲတွင် မြင်တွေ့ရသည့် ဖင်လန်နိုင်ငံသား ရေငုပ်သမား မစ်ကို ပါစီကလည်း ၎င်းနှင့် နော်ရာဆက်တို့သည် ဂူအတွင်းသို့ ချက်ချင်း ပြန်ငုပ်သွားရမှာဖြစ်ပြီး ပိတ်မိနေသူများ အားအင်ပြန်ပြည့်လာစေရန်နှင့် ဂူထဲမှခေါ်ထုတ်ရေးအတွက် ပြင်ဆင်နိုင်ရန်အတွက် ရိက္ခာနှင့် အထောက်အပံ့ပစ္စည်းများ ထပ်မံပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒါဟာခဏပဲ စိတ်သက်သာရာရစေဦးမှာပါ။ ဘာလို့လဲဆိုတော့ အသက်ရှင်ကျန်ရစ်သူ ၅ ဦးစလုံးဟာ ဂူရဲ့ အဆုံးစွန်ဆုံးအခန်းထဲမှာပဲ ရှိနေသေးလို့ပါ။ သူတို့အားလုံး ကျန်းမာရေးကောင်းမွန်ပြီး စိတ်ဓာတ်လည်း တက်ကြွနေကြပေမယ့် သူတို့ကို အပြင်ကို ပြန်ခေါ်ထုတ်ဖို့ ရှိနေသေးပါတယ်။ အဲဒါကလည်း လွယ်ကူမှာတော့ မဟုတ်ပါဘူး” ဟု ပါစီက လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ ပို့စ်တစ်ခုတွင် ရေးသားထားသည်။

ကယ်ဆယ်ရေးသမားများသည် အသက်ရှင်ကျန်ရစ်သူ ၅ ဦးအတွက် အစားအစာနှင့် ဆေးဝါးများကို သွားရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ပျောက်ဆုံးနေဆဲဖြစ်သည့် ကျန် နှစ်ဦးကိုလည်း ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း လာအိုနိုင်ငံပိုင် Lao Security News က ဖော်ပြခဲ့သည်။

အခြား လာအိုနှင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့များကလည်း လူ ၅ ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် အသီးသီးရေးသားဖော်ပြခဲ့ကြသည်။

 

Most Read

Most Recent