ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကလေးငယ်များကို အလုပ်လုပ်ခိုင်းပြီး အမြတ်ထုတ်နေသည့် မြန်မာအမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကလေးငယ်များကို အလုပ်လုပ်ခိုင်းပြီး အမြတ်ထုတ်နေသည့် မြန်မာအမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီး
Published 27 May 2026

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကလေးငယ်များကို အလုပ်လုပ်ခိုင်းပြီး အမြတ်ထုတ်နေသည့် မြန်မာအမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ်တွင် သတင်းဖော်ပြထားသည်။

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တစ်ဝိုက်တွင် ကုန်ပစ္စည်းရောင်းချနေသည့် ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စောင့်ကြည့်ပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

    ထိုင်းနိုင်ငံ ကလေးနှင့် အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးဌာနခွဲမှ ရဲတပ်ဖွဲ့ဝင်များက Suan Luang ခရိုင်ရှိ နေအိမ်တွင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ လက်ကျိုးနေသည့် ကလေးငယ်အား ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ အဆိုပါ နေအိမ်တွင် အခြားကလေးငယ် ငါးဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း ဘန်ကောက်မြို့ ရဲချုပ် ဆာယာမ် ဘွန်ဆမ်က ပြောကြားသည်။

    ရဲတပ်ဖွဲ့၏ အဆိုအရ ဖမ်းဆီးရမိသူ သုံးဦးသည် အရွယ်မရောက်သေးသူများကို နေ့စဉ် ညနေ ၃ နာရီမှ နံနက် ၃ နာရီအထိ မြို့တော်တဝှမ်းရှိ စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုပေးသည့်နေရာများတွင် ပန်းနှင့် သကြားလုံးများ ရောင်းချခိုင်းခြင်းဖြင့် အရွယ်မရောက်သေးသူများကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့ခြင်းဟု သတင်းတွင် ဖော်ပြထားသည်။



    ရောင်းချပေးရသည့် သတ်မှတ်စံနှုန်း မပြည့်မီပါက ကျူးလွန်သည့် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးက ကလေးများကို ရိုက်နှက်ပြီး အစာမကျွေးဘဲ အငတ်ထားကြောင်း၊ ကလေးငယ်များမှာမြန်မာတိုင်းရင်းသားလူမျိုးစုမှ ကလေးငယ်များဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent