■ လာမည့် ငါးနှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတ ​ပြောကြား

■ လာမည့် ငါးနှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတ ​ပြောကြား
Published 27 May 2026

လာမည့် ငါးနှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ​ပြောကြားသည်။

မေ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

 မိမိတို့အနေဖြင့် အတိတ်တွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်တွင် သင်ခန်းစာယူ၍ နောင်အနာဂတ်တွင် ထိုကဲ့သို့သောဖြစ်ရပ်မျိုး ဖြစ်ပေါ်လာခြင်းမရှိစေရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရမည်၊ စီးပွားရေးအရ အားကောင်းအောင်ဆောင်ရွက်ရမည်၊ လုံခြုံရေးအရ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​ ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာဆက်ဆံရေးအနေဖြင့် ကောင်းမွန်မှုရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရသည့်အခါ၌ မိမိတို့နိုင်ငံအတွက် အကျိုးရှိစေမည့် ပြောဆိုဆက်ဆံမှုများဖြစ်စေရန် လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်သွားမည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုရအောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကို ပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကိုလည်း သိရှိနားလည်နိုင်ကြရန်လိုကြောင်း၊ အမျိုးသားရေးတွင် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်စေရေး၊ လုပ်တတ်ကိုင်တတ်စေရေး ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဗဟိုအစိုးရမှ ဖန်တီးပေးရမည်များရှိသကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ ဖော်ဆောင်ပေးရမည်များလည်းရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျှင် ၎င်းတို့ အနေဖြင့် ဝင်ငွေကောင်းလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံတော်အစိုးရအပေါ်တွင်လည်း ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​ ပြောကြားသည်။

ထို့အတူ လုံခြုံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူခဲ့သည့်အချိန်တွင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်၌ EAO အဖွဲ့အချို့နှင့် အောက်ခြေအဆင့်များတွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ PDF များအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံနိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအခြေအနေသို့ ရောက်ရှိလာခြင်းသည် မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက်ကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ပညာရေးကို မဖြစ်မနေ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရမည်ဟု အကြိမ်ပေါင်းများစွာ ပြောဆိုဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လည်း လိုအပ်မည်ဖြစ်သဖြင့် လာမည့် ငါးနှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် မည်ကဲ့သို့ပင် ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိသည်ကို အလေးထား၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း နိုင်ငံ​တော်သမ္မတက​ ပြောကြားသည်။

နိုင်ငံ​တော်သမ္မတက မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းဆိုင်ရာများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့်ကိစ္စရပ်များကို ဆောင်ရွက်ရန်လိုပြီး ယခု ​​ခြောက်လလအတွင်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သဟဇာတဖြစ်ရန်လိုပြီး ပြီးမြောက်အောင်မြင်တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်အနေဖြင့် ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရသည်မဟုတ်သော်လည်း မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို နည်းလမ်းပြပေးခြင်း၊ စီမံကြီးကြပ်ခြင်းတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြောင်း ​ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့​ကြောင်း သိရသည်။

Most Read

Most Recent