ကိုဗင်ထရီအသင်းကို (၂၅)နှစ်ကြာမှ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ လမ်းပတ်ဟာ လိဂ်မန်နေဂျာများအဖွဲ့အစည်း(LMA)က ချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ရရှိခဲ့ကြောင်း သိရပါတယ်။
ဒီဆုက အင်္ဂလန်ဘောလုံးလောကရဲ့ ပရော်ဖက်ရှင်နယ်အဆင့် အတန်း(၄)တန်းမှာရှိတဲ့ နည်းပြတွေထဲက ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး LMA အဖွဲ့ဝင် နည်းပြတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီဆုကို ပထမဆုံးနဲ့ အကြိမ်အများဆုံးရရှိထားသူက မန်ယူအသင်းရဲ့ ဂန္ထဝင်နည်းပြ ဖာဂူဆန်ဖြစ်ပြီး သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုနောက်ပိုင်းမှာ The Sir Alex Ferguson Trophy for LMA Manager of the Year လို့လည်း မှည့်ခေါ်ထားပါတယ်။
လမ်းပတ်က ၂၀၂၅-၂၆ ရာသီ လိဂ်ချန်ပီယံရှစ်ရဲ့ အကောင်းဆုံးနည်းပြဆု ရရှိခဲ့သလို LMA ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုလည်း ပရီးမီးယားလိဂ်ချန်ပီယံနည်းပြ အာတေတာကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။
ဖာဂူဆန်က LMA ရဲ့ ဆုချီးမြှင့်ပွဲကို ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်နိုင်ခြင်းမရှိတဲ့အတွက် အင်္ဂလန်လက်ရွေးစင်နည်းပြ တူဟယ်လ်က လမ်းပတ်ကို ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရပါတယ်။
ဖာဂူဆန်က လမ်းပတ်အတွက် ဂုဏ်ပြုတဲ့စာ ပေးပို့ခဲ့တာကိုလည်း တူဟယ်လ်က ဖတ်ပြခဲ့ပြီး လမ်းပတ်အနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ကံကောင်းစေဖို့ ဖာဂူဆန်က ဆုတောင်းပေးခဲ့ကြောင်းလည်း သိရပါတယ်။















