တောင်ကြီးမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း စတင် ဖွင့်လှစ်ကြောင်း ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် မေလ ၂၅ ရက် ၊ နံနက်ပိုင်း ၁၀ နာရီ အချိန်တွင် အခမ်းအနား ပြုလုပ်ခဲ့ကာ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီရုံး၏ (၉-၃-၂၀၂၆) ရက်စွဲပါစာအမှတ် ၊ ၅၀၆(၆၅)/၁၂/ကောင်စီရုံးမှ နိုင်ငံတစ်ဝှမ်းရှိ စျေးများ၊ စျေးဝယ်စင်တာများသာမက စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ စုပေါင်းပိုင်အဆောက်အအုံ၊ အလုပ်ဌာန ၊ အဖွဲ့အစည်း နှင့် မီးဘေး စိုးရိမ်ရသော လုပ်ငန်းများတွင် သီးသန်မီးသတ်တပ်ဖွဲ့များအား စ နစ်တကျ လေ့ကျင့် ဖွဲ့စည်း ထားနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ပါရန် လမ်းညွှန်ချက် အပေါ် ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန မှ သီးသန့်မီးသတ်တပ်ဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းပြီး လေ့ကျင့် သင်ကြားအကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် မတ်လ ထိ စက်ရုံ၊ အလုပ်ရုံ၊ စက်သုံးဆီဆိုင်တို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် (၉၁၁) ဦး ရှိခဲ့ပြီး၊ ၂၀၂၆ ဧပြီလ တွင် (၁၁၄၉) ဦး ထပ်မံ တိုးချဲ့ ဖွဲ့စည်း နိုင်ခဲ့သဖြင့် သီးသန့် မီးသတ်တပ်ဖွဲ့ဝင် (၂၀၆၀) ဦး ရှိသည့်အနက် ယခု ဖွင့်လှစ်သည် အကြို အခြေခံ မီးသတ်ပညာသင်တန်း (၁/၂၀၂၆) တွင် အင်အား (၆၉၈) ဦး တက်ရောက် လေ့ကျင့် သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းပြီး နည်းစနစ်တကျ လေ့ကျင့်ထားခြင်းကြောင့် မီးလောင်မှု ဖြစ်ပွားပါက ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ပြီး ကနဦး လက်ဦးမှု ရယူ၍ မီးငြှိမ်းသတ်နိုင်ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှု နှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများ နည်းပါး စေမည် ဖြစ်ကြောင်း သိရသည်။
ထိုသင်တန်းကို ပြည်နယ်အတွင်းရှိ ၂၇ မြို့နယ်မှ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် (၆၉၈) ဦး ဖြင့် မေလ ၂၅ ရက်မှ ဇွန် ၅ ရက်နေ့ အထိ မီးသတ်စခန်း ၁၅ စခန်း နှင့် စက်ရုံ ၃ ရုံ တို့တွင် ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
" သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း စတင် ဖွင့်လှစ်ပွဲ အခမ်းအနား ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ အင်အား ၁၀၀ နဲ့ ဖွင့်မှာ ဖြစ်ပြီး မြို့နယ် ၂၇ မြို့နယ်မှာ မီးသတ်စခန်း ၁၅ စခန်း နှင့် စက်ရုံ ၃ ရုံ မှာ တစ်ပြည်နယ်လုံး သင်တန်းသား ၆၉၈ ဦးနဲ့ စတင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
သင်တန်းဖွင့်လှစ်တဲ့ ရည်ရွယ်ချက်ကလည်း မီးလောင်ကျွမ်းချိန် မီးဘေးအန္တရာယ် စတင် ဖြစ်ပေါ်ချိန် သီးသန့် မီးသတ်တပ်ဖွဲ့ဝင် ဝန်ထမ်းတွေ အနေနဲ့ မီးဘေးကြိုတင်ကာကွယ်ရေး သတိမူရေး ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ သိရှိအောင် ဆောင်ရွက်သင်တန်း ဖြစ်ပါတယ်။ သီးသန့် မီးသတ်တပ်ဖွဲ့ဝင် ဆိုတာ ၂၀၁၅ ခုနှစ် ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေအရ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ဒီသုံးခုပေါင်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့လို့ ခေါ်ပါတယ်။
တောင်ကြီးမြို့နယ်မှာတော့ ၁၀၀ ဦး ၊ အေးသာယာမှာ ၄၅ ဦးနဲ့ တောင်ကြီးမှာ ၅၅ ဦး ပေါင်း တစ်ရာဦး၊ ခရိုင်မီးသတ်စခန်းမှာ သင်ကြားမှာ ဖြစ်ပါတယ်။ သင်တန်းကာလ နှစ်ပတ်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ "
ဟု ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့ ပြည်နယ်ဦးစီးမှူး ဦးဇော်လင်းထွန်း က ပြောသည်။
ရှမ်းပြည်နယ်အတွင်း စျေးမီးလောင်မှုများ အနေဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ၁၁ နှစ်တာ လေ့လာကြည့်လျှင် ပေါ့ဆမီး (၇) ကြိမ်၊ လျှပ်စစ်မီး (၆) ကြိမ်၊ မီးဖိုမီး တစ်ကြိမ်၊ မသမာသူ ရှို့မီး တစ်ကြိမ်၊ စုစုပေါင်း မီးလောင်မှု အကြိမ် ၁၅ ကြိမ် ဖြစ်ပွားကြောင်း တွေ့ရှိရပြီး ဆိုင်ခန်းပေါင်း ၅၇၁ ခန်း ၊ ခန့်မှန်း ဆုံးရှုံးမှု တန်ဖိုးကျပ်သန်း ၂၅၉ သန်း ကျော် ရှိကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားခဲ့သည်။















