ယူရိုပါလိဂ်ဝင်ခွင့်က ပြီးပြည့်စုံတဲ့ အဆုံးသတ်ဖြစ်ခဲ့တယ်လို့ အီရာအိုလာ ပြောကြား

ယူရိုပါလိဂ်ဝင်ခွင့်က ပြီးပြည့်စုံတဲ့ အဆုံးသတ်ဖြစ်ခဲ့တယ်လို့ အီရာအိုလာ ပြောကြား
Photo: X
Photo: X
Published 25 May 2026

ဘုန်းမောက်အသင်းနဲ့ လမ်းခွဲတော့မယ့် စပိန်နည်းပြ အီရာအိုလာက ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ခြင်းက လမ်းခွဲမှုအတွက် ပြီးပြည့်စုံတဲ့ အဆုံးသတ်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၆)နေရာ ရပ်တည်နိုင်ခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့တာပါ။

အီရာအိုလာက ဘုန်းမောက်အသင်းကို ၂၀၂၃ နွေရာသီမှာ စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာ အဆင့်(၁၂)၊ ဒုတိယရာသီမှာ အဆင့်(၉)၊ တတိယရာသီမှာ အဆင့်(၆)နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့တာပါ။

ဒါ့အပြင် ဇန်နဝါရီလက အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်(၁၈)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပြီး ယူရိုပါလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

''ဒီအခိုက်အတန့်မှာ ဒီကစားသမားအစုအဖွဲ့၊ ဒီကလပ်အသင်းနဲ့ ရှိနေရတာ ကျွန်တော် အရမ်းကံကောင်းပါတယ်။ ဒါက ပြီးပြည့်စုံတဲ့ အဆုံးသတ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်'' လို့ အီရာအိုလာက ပြောကြားခဲ့ပါတယ်။

အီရာအိုလာက သူ့အနေနဲ့ ဥရောပဝင်ခွင့်ရရှိဖို့ကို ပစ်မှတ်မထားခဲ့ဘဲ အသင်းရဲ့ကစားပုံကို အပြောင်းအလဲပြုလုပ်ဖို့သာ အာရုံစိုက်ကြိုးစားခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အီရာအိုလာကို ခရစ္စတယ်ပဲလေ့စ်နဲ့ လေဗာကူဆင်တို့က ကမ်းလှမ်းဖို့ စီစဉ်နေကြပြီး လီဗာပူးလ်အသင်းကလည်း အာနယ်ဆလော့နေရာ အစားထိုးဖို့ ချိန်ရွယ်နေကြောင်း သတင်းထွက်နေပါတယ်။

 

Most Read

Most Recent