အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် Orange County အတွင်းရှိ GKN Aerospace စက်ရုံတွင် အန္တရာယ်ရှိဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားနေသဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန်က အရေးပေါ်အခြေအနေ ကြေညာထားသည်။ အဆိုပါစက်ရုံက ဗြိတိန်အခြေစိုက် လေယာဉ်အစိတ်အပိုင်း ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။
ဂါဒင်ဂရို့ဗ်မြို့ရှိ ၎င်းစက်ရုံတွင် ပလတ်စတစ်ထုတ်လုပ်ရာ၌ အသုံးပြုသည့် အလွန်မီးလောင်လွယ်သော မီသိုင်း မက်သာခရီလိတ် (Methyl Methacrylate) ဂါလန် ၇,၀၀၀ ခန့်ဆံ့သည့် သိုလှောင်ကန်တစ်ခု ပေါက်ကွဲပျက်စီး လုနီးပါး ဖြစ်နေသဖြင့် မြို့ခံထောင်ပေါင်းများစွာကို အရေးပေါ်ရွှေ့ပြောင်းခိုင်းထားရသည်။
ကြိုတင်ကာကွယ်မှုအနေဖြင့် မြို့တွင်းစာသင်ကျောင်းများနှင့် အဝေးပြေးလမ်းမကြီးအချို့၏ အထွက်လမ်း များကို ပိတ်ထားရသော်လည်း အနီးနားရှိ Disneyland အပန်းဖြေဉယျာဉ်က ဘေးလွတ်ရာဇုန်တွင် ရှိနေသဖြင့် ပုံမှန်အတိုင်း ဆက်ဖွင့်ထားသည်။
လက်ရှိတွင် အလွန်စိုးရိမ်ရသည့် အခြေအနေနှစ်ရပ်နှင့် ရင်ဆိုင်နေရသည်ဟု အရေးပေါ်ကယ်ဆယ်ရေး အရာရှိများက သတိပေးထားသည်။မေ ၂၃ ရက်တွင် သိုလှောင်ကန်၏ အတွင်းပိုင်းအပူချိန်မှာ ၉၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိနေပြီး တစ်နာရီလျှင် တစ်ဒီဂရီဖာရင်ဟိုက်နှုန်းဖြင့် မြင့်တက်နေသည်။ အပူချိန်လွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပါက အနီးနားရှိ အခြားဓာတုဗေဒပစ္စည်းနှင့် လောင်စာဆီကန်များကိုပါ ကူးစက်ပေါက်ကွဲသွားစေနိုင်သည်။
နောက်အန္တရာယ်က ဓာတုပစ္စည်းများ ပတ်ဝန်းကျင်သို့ ဖိတ်စင်လာမည်ဖြစ်သည်။ ရေဆိုးမြောင်းများနှင့် ပင်လယ်သမုဒ္ဒရာအတွင်းသို့ ၎င်းဓာတုပစ္စည်းများ စီးဝင်မသွားစေရန် မီးသတ်တပ်ဖွဲ့က တာတမံများ ဆောက်လုပ်တားဆီးနေရသည်။ကန်၏အတွင်းပိုင်းအပူချိန် လျော့ကျသွားစေရန် သိုလှောင်ကန်ကို ရေဖြင့် အဆက်မပြတ် ဖျန်းပေးနေရသည်။
ကျန်းမာရေးအရာရှိများ၏ သတိပေးချက်အရ အဆိုပါဓာတုပစ္စည်းများမှ အငွေ့များကို ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ မျက်စိစပ်ခြင်းနှင့် ခေါင်းမူးခြင်းတို့ ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် သစ်သီးနံ့ကဲ့သို့ အနံ့ပြင်းပြင်း ရရှိပါက အာဏာပိုင်များထံ ချက်ချင်း အကြောင်းကြားပေးရန် လူထုကို နှိုးဆော်ထားသည်။
Ref:BBC ,Photo:AP














