Photo. U Zaw Aye Mg Facebook
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း ကောင်စီဝင်ဦးဇော်အေးမောင်က ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဓါတ်ပုံများနှင့်တကွ ယနေ့(မေ ၂၀ ရက်)တွင် ဖော်ပြချက်အရသိရသည်။
သို့ရာတွင် ကောင်စီဝင်ဦးဇော်အေးမောင်က ယနေ့(မေ ၂၀ ရက်)မွန်းလွဲပိုင်းတွင် ဖော်ပြခဲ့သည့် ကောင်စီရုံးဖွင့်ပွဲအခမ်းအနား ဓါတ်ပုံများကို ညနေပိုင်းတွင် ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်ဖြုတ်ချထားသည်ကိုတွေ့ရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်း ဥက္ကဌအဖြစ်တာဝန်ယူသည့်ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုဧပြီ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွင် ဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးစိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးမောင်မောင်အေး၊ ကောင်စီဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ဦးကိုကိုလှိုင်၊ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးမိုးအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဒွဲဘူ၊ ဒုတိယဝန်ကြီး(ငြိမ်း)ဦးဇော်အေးမောင်တို့ပါဝင်သည်။
ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ် များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေပုဒ်မ ၄ ၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းထားခြင်းဖြစ်သည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီ ၃ ရက်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ကောင်စီ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ်ကြောင်း၊ ကောင်စီ၏ ရုံးလုပ်ငန်းများအတွက် နိုင်ငံတော်သမ္မတရုံးက စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်သမ္မတရုံးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရန်အတွက် လိုအပ်သည့် နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်တို့ကို ထုတ်ပြန်နိုင်ကြောင်း ကောင်စီဥပဒေတွင်ပြဌာန်းပါရှိသည်။
See less















