တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း တည်ရှိသည့် မောတောင်မြို့ရှိ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားအလုံးအရင်းအသုံးပြု၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ တပ်မတော်စစ်ကြောင်းများအနေဖြင့် မောတောင်မြို့အား ရန်သူ့လက်အောက်သို့ ကျရောက်မှုမရှိစေရေး ခုခံခဲ့ကြသော်လည်း ရန်သူမှာ အင်အားအဆမတန်ဖြည့်တင်းလာခြင်း၊ မိမိဘက်မှ အရာရှိ၊ စစ်သည်များ ထိခိုက်ဒဏ်ရာရရှိမှု များပြားလာခြင်းများနှင့် ဒေသခံပြည်သူများ၏ တိုက်တာအိုးအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးစေရန်အတွက် အဆင့်ဆင့်ခုခံ၍ စစ်နည်းဗျူဟာမြောက် ဆုတ်ခွာခဲ့သဖြင့် မောတောင်မြို့အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယာယီစိုးမိုးခဲ့ကြကြောင်း သိရသည်။
ထိုသို့ KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော မောတောင်မြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရန်နှင့် တနင်္သာရီ-ရေဖြူ - သိန်းခွန် - သဲဖြူ - မောတောင်လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ အဆင့်ဆင့်ခြေကုပ်ယူကာ တစ်ဆင့်ပြီးတစ်ဆင့် ၂၀၂၆ ခုနှစ် မေလ ၅ ရက်မှစ၍ ပြန်လည်တိုက်စစ်ဆင် ဆင်နွှဲခဲ့ရာ မေလ ၉ ရက်တွင် ရန်သူ၏ ယာယီစခန်းဖြစ်သည့် ပွိုင့် ၂၇၁ တောင်ကုန်းအားလည်းကောင်း၊ မေလ ၁၂ ရက်တွင် ဖောင်ဆိပ်ကျေးရွာအနီးရှိ ရန်သူ့ယာယီခံစစ်နေရာ ၂ ခုအားလည်းကောင်း၊ မေလ ၁၃ ရက်တွင် ဖောင်ဆိပ်ကျေးရွာအားလည်းကောင်း၊ မေလ ၁၅ ရက်တွင် နှုံးပွားကျေးရွာအားလည်းကောင်း၊ မေလ ၁၆ ရက်တွင် အမှတ် (၅) ကျေးရွာအားလည်းကောင်း၊ မေလ ၁၇ ရက်တွင် အမှတ်(၃) ကျေးရွာအားလည်းကောင်း၊ မေလ ၁၈ ရက်တွင် အမှတ်(၁) ကျေးရွာအားလည်း ကောင်း၊ မေလ ၁၉ ရက် မေ၁၉ ညနေ ၄ နာရီတွင် မောတောင်မြို့အားလည်းကောင်း တပ်မတော်စစ်ကြောင်းများက အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ေကြာင်း သိရသည်။
အဆိုပါ KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးစဉ် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ အမှတ်(၉)ကျေးရွာတံတားနှင့် အမှတ်(၈)တံတားတို့အား မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများက မောတောင်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး ရွပ်ရွပ်ချွံချွံ အဆင့်ဆင့်ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/တိုက်ပွဲငယ် ထိတွေ့မှုစုစုပေါင်း ၂၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၂၅ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် မောတောင်မြို့အား ယာယီစိုးမိုးထားစဉ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များအား ခံစစ်တံတိုင်းသဖွယ် အသုံးပြုခဲ့ကြပြီး အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်း၊ ထို့ပြင် KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် နယ်စပ်ဒေသများတွင် အဓိကကုန်သွယ်မှု စီးပွားရေးဇုန်များ၊ လမ်းတံတားများနှင့် အခြေခံအဆောက်အအုံများကို အကြောင်းမဲ့တိုက်ခိုက်ဖျက်ဆီးခြင်းများသည် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုကို ထိခိုက်နစ်နာစေသည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများကိုလည်း ကြီးမားစွာနစ်နာစေခဲ့ကြောင်း၊ မောတောင်-ကြိမ်ချောင်းဒေသမှ ထွက်ရှိသည့် နိုင်ငံတော်၏ သဘာဝသယံဇာတများကို မတရားခိုးယူတူးဖော်ကာ တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချနေသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ များစွာဆုံးရှုံး နစ်နာခဲ့ရကြောင်း သိရသည်။
၎င်းအပြင် KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် နယ်စပ်မြို့များ၌ ယာယီစိုးမိုးထားစဉ် နယ်စပ်ဒေသမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ လက်နက်မှောင်ခိုလုပ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းကဲ့သို့သော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းကြောင့် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေးကို များစွာထိခိုက်စေခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ လုပ်ဆောင်ခဲ့ကြသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ အနေဖြင့် လူမှုစီးပွားဘဝများ ဆုံးရှုံးနစ်နာခဲ့ရကာ စစ်ပွဲ၏ အနိဋ္ဌာရုံများကို ခံစားခဲ့ကြရပြီး ၎င်းတို့၏ တိုက်တာအိုးအိမ်များကို စွန့်ခွာ၍ တည်ငြိမ်အေးချမ်းသည့် ဒေသများသို့ ယာယီနေရပ်စွန့်ခွာခဲ့ကြရကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံပြည်သူများ မောတောင်မြို့အတွင်းသို့ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းများအား ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး ကျောင်းနေအရွယ် ကလေးသူငယ်များ စာသင်ကြားနိုင်ရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ဆေးရုံ/ဆေးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ရုံး/ဌာနအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သောင်းကျန်းသူများ လုံးဝကင်းစင်ပပျောက်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation)ကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်















