ဆန်းတို့စ်အသင်းခေါင်းဆောင် ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဘရာဇီးလ်စီးရီးအေပွဲမှာ မှားယွင်းပြီး လူစားလဲခံခဲ့ရတာကြောင့် ဒေါသပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။
ဆန်းတို့စ်က အိမ်ကွင်းမှာ ကော်ရီတီဘာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး (၀-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ကော်ရီတီဘာအသင်းက (၃)ဂိုးစလုံးကို ပထမပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး (၆၅)မိနစ်မှာ နေမာကို စတုတ္ထဒိုင်က မှားယွင်းလူစားလဲခဲ့မိတာပါ။
နေမာ ကွင်းဘေးမှာ ကုသမှုခံယူနေချိန်မှာ ဆန်းတို့စ်အသင်းက နောက်ခံလူ အက်စ်ကိုဘာရဲ့နေရာ ရော်ဘင်ဟိုဂျူနီယာကို လူစားလဲဖို့ လုပ်ဆောင်ခဲ့ပါတယ်။
ဒါကို စတုတ္ထဒိုင်က နားလည်မှုလွဲပြီး နေမာရဲ့နေရာ ရော်ဘင်ဟိုဂျူနီယာကို လူစားလဲခဲ့တာပါ။
ဒါကြောင့် နေမာက စတုတ္ထဒိုင်ဆီက လူစားလဲတဲ့မှတ်တမ်းစာရွက်ကို ဆွဲယူကာ ကင်မရာတွေဆီ ပြသခဲ့ပြီး ကွင်းထဲပြန်ဝင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒိုင်လူကြီးက နေမာကို ပြန်ဝင်ကစားခွင့်မပြုတော့ဘဲ အဝါကတ်ပြသခဲ့ကြောင်း သိရပါတယ်။















