ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃၈ ဦးကို လိမ်လည်မှုကျူးလွန်းရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မေ ၁၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၈ ဦးတို့အား ဖုန်းမျိုးစုံ ၁၅၅ လုံး၊ All In One ကွန်ပျူတာ ၃၀ လုံး၊ တရုတ်ငွေ ယွမ် ၁၀၀၀၀၊ မြန်မာငွေ ၁၀ သိန်းကျပ်နှင့် Crown အမျိုးအစား မော်တော်ယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီခန့်တွင် အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးအား ဖုန်းမျိုးစုံ ၉၅ လုံး၊ Laptop ၁ လုံး၊ Wifi စက် ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















