ရေဆင်းကူးရာမှ သံဖြူဇရပ်မှ အမျိုးသားတစ်ဦးနှင့် သထုံမြို့မှ အမျိုးသားတစ်ဦးတို့ ရေနစ်သေဆုံးမှု ဖြစ်ပွားပွားခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့မေလ (၈) ရက်နေ့ ညနေပိုင်းအချိန်က သံဖြူဇရပ်မြို့ကြာကန်ရပ်ကွက်ရှိ ကြာကန်အင်းအတွင်းသို့အမျိုးသားတစ်ဦး ရေဆင်းကူးရာက ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရေနစ်သေဆုံးသူက သံဖြူဇရပ်မြို့ ကြာညိုလမ်းသွယ် (၃) လမ်းမှာနေထိုင်တဲ့ အသက် (၄၀) နှစ်အရွယ်အမျိုးသားတစ်ဦးလို့သိရပါတယ်” ဟု ပြောကြားသည်။
ကြာကန်အင်းအတွင်း ရေနစ်သေဆုံးခဲ့သူ၏ ရုပ်အလောင်းအား မြို့ခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်သူများက ဝိုင်းဝန်းဆယ်ယူပြီး သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မေလ (၇) ရက်နေ့ ညနေပိုင်းအချိန်ကလည်း သထုံမြို့ရှိ ဝါးပါးဆည်အနီးရှိ ရေကန်အတွင်း အသက် (၂၀) အရွယ် အမျိုးသားတစ်ဦး ရေဆင်းကူးစဉ် ရေနစ်ပျောက်ဆုံးခဲ့ကြောင်း နှင့်၎င်းအား သထုံမြို့ခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ ဝိုင်းဝန်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရာ ည (၇) နာရီခွဲအချိန်ခန့်မှ ၎င်း၏ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်း နှင့် ရုပ်အလောင်းအား သထုံခရိုင်ပြည်သူ့ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
■ ပုံစာ - သထုံမြို့၊ ဝါးပါးဆည်အနီးရှိ ရေကန်အတွင်း ရေနစ်ပျောက်ဆုံးခဲ့သူအား ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေကြသည်ကို တွေ့ရစဉ် (အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်း (သထုံ)။















