အမေရိကန်နှင့်အီရန် အပစ်အခတ်ရပ်စဲရေး တဲတဲသာလိုတော့ချိန်တွင် ကမ္ဘာ့ခေါင်းဆောင်များက အီရန်ကို ဖိအားပေး

အမေရိကန်နှင့်အီရန် အပစ်အခတ်ရပ်စဲရေး တဲတဲသာလိုတော့ချိန်တွင် ကမ္ဘာ့ခေါင်းဆောင်များက အီရန်ကို ဖိအားပေး
Published 5 May 2026
Ref:AFP

အရှေ့အလယ်ပိုင်း၌ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်သဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ကျိုးပေါက်ရန် တဲတဲသာလိုတော့သည့်အနေအထားတွင် အီရန်အနေဖြင့် သံတမန်ရေးကို လုပ်ဆောင်ရန် မေ ၅ ရက်တွင် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးခဲ့သည်။

မဟာဗျူဟာကျသော ဟော်မုဇ်ရေလက်ကြားတွင် အီရန်နှင့် အမေရိကန်တို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် နောက်ထပ်ဆွေးနွေးမှုများကို အလျင်အမြန်လုပ်ဆောင်ရမည့် အနေအထားဖြစ်လာခဲ့သည်။ အမေရိကန်၏မဟာမိတ်ယူအေအီးကလည်း တစ်လနီးပါးကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် အီရန်၏တိုက်ခိုက်မှုကို ပထမဆုံးအကြိမ်ခံခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရပြီးကတည်းက အမေရိကန်နှင့် အီရန်တို့၏သံတမန်ရေးသည် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်က စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ အီရန်ပြန်လာရန် ပြောကြားခဲ့သည်။ အီရန်က အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာကို ဓားစာခံလုပ်နေခြင်းအား ရပ်ရန်လည်း ဂျာမနီဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်၊ ဗြိတိသျှဝန်ကြီးချုပ်ကီယာစတာမားတို့ကလည်း အီရန်ကို အလားတူ တောင်းဆိုခဲ့ကြသည်။

အမေရိကန်၏အဓိက မဟာမိတ်ဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံကလည်း ပဋိပက္ခအရှိန်လျှော့ချရန် မေ ၅ ရက်တွင် အထက်ပါခေါင်းဆောင်များနှင့်အတူ ပူးပေါင်းတောင်းဆိုခဲ့ပြီး နိုင်ငံရေးဆိုင်ရာအဖြေတစ်ရပ်ရရှိရန် သံတမန်ရေးကြိုးပမ်းမှုများကို တောင်းဆိုခဲ့သည်။

အီရန်က ယူအေအီးအစိုးရပိုင်ရေနံလုပ်ငန်း ADNOC နှင့်ဆက်စပ်နေသော ရေနံတင်သင်္ဘောတစ်စင်းကိုလည်း ဒရုန်းများဖြင့် ပစ်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

အကြီးတန်း အီရန်စစ်ဘက်တာဝန်ရှိသူက တိုက်ခိုက်မှုများကို ငြင်းဆန်ခြင်းမပြုသော်လည်း အီရန်သည်ရေနံချက်စက်ရုံများကို တိုက်ခိုက်ရန် ကြိုတင်စီမံထားသည့် အစီအစဉ်မရှိဟု ပြောကြားခဲ့သည်။

“ဖြစ်ပျက်နေတဲ့အရာကတော့ ဟော်မုဇ်ရေလက်ကြားကို တရားမဝင်ဘဲ ဖြတ်သန်းနေတဲ့ သင်္ဘောတွေအတွက် လမ်းကြောင်းဖန်တီးပေးဖို့ အမေရိကန်စစ်တပ် စွန့်စားရေး ၀ါဒရဲ့အကျိုးရလဒ်ဖြစ်ပါတယ်” ဟု ယင်းတာဝန်ရှိသူက ပြောကြားကြောင်း အီရန်အစိုးရရုပ်သံက ဖော်ပြခဲ့သည်။

ဘာသာရေးခေါင်းဆောင်များ အုပ်ချုပ်နေသော အီရန်နိုင်ငံတွင် သဘောထား အလယ်အလတ်ရှိသူဖြစ်သောအီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီက “နိုင်ငံ ရေးအကျပ်အတည်းတွေအတွက် စစ်ရေးဖြေရှင်းနည်းမရှိဘူးဆိုတာကို အကျပ်အတည်းတွေက သက်သေပြနေပါတယ်” ဟု ပြောကြားခဲ့ပြီ ကြားဝင်ဆောင်ရွက်ပေးနေသည့် ပါကစ္စတန်၏ကြိုးပမ်းအားထုတ်မှုများကို သူက ထောက်ပြခဲ့သည်။

“မနာလိုသူတွေက အမေရိကန်က နွံအိုင်ထဲ ပြန်ဆွဲချနေတာကို စိုးရိမ်သင့်ပါတယ်။ ယူအေအီးဟာလည်း အဲဒီအတိုင်းပါပဲ။ Project Freedom ဟာ Project Deadlock ဖြစ်နေပါတယ်” ဟု အာရက်ချီက X တွင် ရေးခဲ့သည်။                                          

 

Most Read

Most Recent