သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့ ဝမ်းပျက်ဝမ်းလျောရောဂါ ကူးစက်ဖြစ်ပွားမှုများရှိနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဧပြီလ (၃၀) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်နေ ရေလုပ်သား (၅) ဦးမှ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနသည့်အတွက်ကြောင့် ကျိုက္မီမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိလာကြောင်း နှင့် ၎င်းတို့အနက်မှ ရောဂါပြင်းထန်သူ ရေလုပ်သား (၄) ဦးအား မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး“အဲ့ဒီအပြင်ကို ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ဖြစ်ပွားခဲ့တဲ့ ရေလုပ်သားမိသားစုဝင်တွေနဲ့ အောင်သုခရပ်ကွက်နေပြည်သူ (၃၀) ကျော်ကိုလည်း ကျိုက္ခမီမြို့ပြည်သူ့ဆေးရုံပို့ဆောင်ထားပြီးတော့ Quarantine ထားပြီးစောင့်ကြည့်မှုတွေလုပ်ဆောင်ထားပါတယ်” ဟု ပြောကြားသည်။
ထိုအခြေအနေကြောင့် မေလ (၁) ရက်နေ့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါတားဆီးအဖွဲ့မှ ကွင်းဆင်း၍ စစ်ဆေးမှုများလုပ်ဆာင်ခဲ့သည့်အပြင် သံဖြူဇရပ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း ကျိုက္ခမီမြို့အတွင်း ဝမ်းပျက်ဝမ်းလျောရောဂါရောဂါနှင့် ပတ်သပ်ပြီး အသိပညာပေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ထားကြောင်းလည်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် စက်တင်ဘာလ ပထမအပတ်အတွင်းက ကျိုက္ခမီပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းစက်လှေများနှင့် ကျားဖေါင်များပေါ်၌ ဝမ်းပျက်ဝမ်းလျောရောဂါများစတင်ဖြစ်ပွားခဲ့ရာမှ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံများ ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ဖြစ်ပွားခဲ့ရာက Grade – 4 ကျောင်းသူလေးတစ်ဦးအပါအဝင် (၆) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၅) ဦးထက်မနည်း ဆေးကုသမှုခံယူခဲ့ရသည့်အပြင် (၈၀) ဦးထက်မနည်း Quarantine ထားကာစောင့်ကြည့်ခဲ့ရကြောင်း သိရသည်။
ဘိုဘိုမြင့်
Photo Credit - သံဖြူဇရပ် ကြက်ခြေနီအသင်း















