ကျားဖျန့်ဂိုဏ်းများနှင့် ပတ်သက်သည်ဟု သံသယရှိရသည့် ထိုင်းနိုင်ငံသား ၆၀၀ ကျော်ကို ဧပြီ ၃၁ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး နက်ဖီယက်ထရာက ပြောကြားခဲ့သည်။
ယင်းသည် မကြာသေးမီနှစ်များအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ အရှိန်အဟုန်ဖြင့် ကြီးထွားလာသော ဒေါ်လာဘီလျံနှင့်ချီသည့် တရားမဝင်လုပ်ငန်းများကို နှိမ်နင်းသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံသည် အွန်လိုင်းပေါ်တွင် ကမ္ဘာတစ်ဝန်းရှိ အင်တာနက်အသုံးပြုသူများကို လိမ်လည်နေသည့် ရာဇဝတ်ဂိုဏ်းများ၏ အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့သည်။
အဆိုပါကျားဖျန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသူအချို့မှာ ၎င်းတို့၏ သဘောဆန္ဒအလျောက် လုပ်ကိုင်နေကြသူများဖြစ်ပြီး အချို့မှာမူ လူကုန်ကူးခံရပြီး အတင်းအဓမ္မ စေခိုင်းခံနေရသူများဖြစ်သည်။
ဟိုတယ်များ၊ ကာစီနိုများနှင့် ခိုင်ခံ့စွာ ကာရံထားသော ခြံဝင်းများအတွင်းမှ လုပ်ကိုင်နေသည့် အဆိုပါကျားဖျန့်လုပ်ငန်းမှာ စက်မှုလုပ်ငန်း အတိုင်းအတာအထိ ကြီးထွားလာခဲ့ပြီး နှစ်စဉ်ဝင်ငွေမှာ ဒေါ်လာ ၆၄ ဘီလျံခန့်အထိ ရှိနိုင်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ခန့်မှန်းချက်အရ သိရသည်။
“တရားမဝင် အွန်လိုင်းလုပ်ငန်းတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ ထိုင်းနိုင်ငံသား ၆၃၅ ဦးကို ထိုင်းနိုင်ငံဆီ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်” ဟု ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး နက်ဖီယက်ထရာက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
သံသယရှိသူများကို ဧပြီ ၃၀ ရက်တွင် နယ်စပ်ဂိတ်တစ်ခုမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“သံသယရှိသူ ၃၀ ဦးအား ရာဇဝတ်မှုကျူးလွန်မှု စွပ်စွဲချက်များဖြင့် ကမ္ဘောဒီးယားအာဏာပိုင်များက အရေးယူဆောင်ရွက်ဆဲ” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများနှင့် အခြားကျွမ်းကျင်သူများကမူ ကမ္ဘောဒီးယားအာဏာပိုင်များသည် အဆိုပါလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲထားသော်လည်း အစိုးရက ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
ပြီးခဲ့သည့်နှစ် အစောပိုင်းကတည်းက အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည့် နိုင်ငံခြားသား ၁၃၀၀၀ ကျော်ကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ကမ္ဘောဒီးယားအာဏာပိုင်များက ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ငွေလိမ်ဂိုဏ်းများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသော တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် အခြားနိုင်ငံသားများ အပါအဝင် လူပေါင်း ၂၄၀၀၀၀ ကျော်သည် ၎င်းတို့၏သဘောဆန္ဒအလျောက် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ခွာသွားခဲ့သည်ဟု ကမ္ဘောဒီးယားအစိုးရက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား ရဲတပ်ဖွဲ့သည် ထိုင်းနယ်စပ်ရှိ ပွိုင်ပက်မြို့တွင် ကွန်ဒိုအဆောက်အအုံ တစ်ခုကိုတွင် ဝင်ရောက်ရှာဖွေခဲ့ပြီး အဆိုပါအဆောက်အအုံအတွင်းမှ လက်ကိုင်ဖုန်း ၄၇၀၀ နီးပါးနှင့် ကွန်ပျူတာ မော်နီတာ ၄၀၀ ကျော်ကို တွေ့ရှိခဲ့ရကြောင်း ဖီယက်ထရာက ပြောကြားခဲ့သည်။
Ref:AFP















