​ရေလမ်းခရီးပိုမိုအားထားလာသည့်အတွက် ကမ်းရိုးတန်းသွားအမြန်ရေယာဉ်များ တိုးချဲ့ပြေးဆွဲလာ

​ရေလမ်းခရီးပိုမိုအားထားလာသည့်အတွက် ကမ်းရိုးတန်းသွားအမြန်ရေယာဉ်များ တိုးချဲ့ပြေးဆွဲလာ
Published 23 April 2026

တနင်္သာရီကမ်းရိုးတန်းတလျောက်ခရီးသွားများအ နေဖြင့်ရေလမ်းခရီးကိုပိုမိုအားထားလာသည့်အတွက် ကမ်းရိုးတန်းသွားအမြန်ရေယာဉ်များတိုးချဲ့ပြေးဆွဲလာကြောင်း အမြန်ရေယာဉ်လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

တနင်္သာရီကမ်းရိုးတန်းရှိ ကော့သောင်း-မြိတ်-ထား ဝယ်​​မြို့များကိုဧပြီလ တတိယအပတ်မှစတင်ပြေးဆွဲ နေပြီဖြစ်ပြီးတစ်ပတ်လျှင်တစ်ကြိမ်ပြေးဆွဲသွား မည်ဖြစ်ကြောင်းသိရသည်။

" လက်ရှိရေလမ်းခရီးကို ခရီးသွားပြည်သူတွေပိုမိုအားထားလာတာတွေ့ရတယ်ဒါကြောင့် ကျွန်တော်တို့အမြန်ရေယာဉ် 555 နှင့် 999 ဆိုပြီးနှစ်စီးစီစဉ်ထားပါတယ်၊ 999 က မြိတ် - ထားဝယ်၊ 555 က မြိတ် - ကော့သောင်း စသဖြင့် အသွားအပြန်ပြေးဆွဲမှာပါ၊ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က တစ်ခေါက်စတင်ပြေးဆွဲကြည့်ပါတယ်၊ခရီး သည်များအတွက်အဆင်ပြေပါတယ်။ ကျွန်တော်တို့က အကျိုးအမြတ်ထက်ခရီးသွားပြည်သူတွေလုံခြုံဖို့ အဓိကရည်ရွယ်ပါတယ်။ မိုးရာသီရောက်လာတော့မှာ ဖြစ်တဲ့အတွက်ဒီလိုအမြန်ရေယာဉ်ကြီး တွေနှင့် လုံခြုံစွာသွားလာနိုင်ဖို့စီစဉ်ရခြင်းဖြစ်ပါတယ်။ ဒီရေအတက် အကျအပေါ် မူတည်ပြီးတစ်ပတ်မှာတစ်ရက် ပြေးဆွဲပေးမယ့်ရက်ကိုကြေငြာပေးနေပါတယ်"လို့ အမြန်ရေယာဉ်လိုင်း တာဝန်ခံဦးမိုးဇော်မှပြောကြားခဲ့သည်။

မြိတ်မှအခြေပြုပြေးဆွဲမည်ဖြစ်ပြီး မြိတ်- ထားဝယ် ခရီးသည်တစ်ဦးလျှင် ၂ သိန်း၊ မြိတ်- ကော့သောင်း ခရီးသည်တစ်ဦးလျှင် ၃ သိန်းကျသင့်မည် ဖြစ်ကြောင်းသိရသည်။

"လက်ရှိဆီစျေးနှုးန်းအရ အကျိုးအမြတ်ထက် ခရီးသည်တွေလုံခြုံရေးကို အဓိကထားတာပါ၊မိုးရာသီမှာ အမိုးအကာတွေနှင့် ကုန်စည်လည်းပိုမိုတင်ဆောင်နိုင်တဲ့အမြန်ရေယာဉ် တွေကိုပြေးဆွဲပေးတာပါ၊မြိတ်-ထားဝယ် ခုတ်မောင်း ချိန် ၅ နာရီ၊ မြိတ်- ကော့သောင်း ခုတ်မောင်း ချိန် ၆ နာရီရှိပါတယ်၊နေ့ချင်းအရောက် သွားနိုင်တဲ့ ခရီးစဉ်တွေဖြစ်ပါတယ်" လို့ အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးကပြောကြားခဲ့သည်။

လက်ရှိ မြိတ်-ထားဝယ်- ရန်ကုန် ပြည်ထောင်စုကားလမ်းမကြီးမှာနယ်မြေမတည်ငြိမ်သေးသည့်အတွက် မကြာခဏကားလမ်း ပိတ်နေတတ်ကြောင်းသိရသည်။ရေလမ်းခရီးစဉ်မှာ ငွေကြေးအနည်းငယ်ပိုကုန်ကျ သော်လည်း အချိန်တိုတွင်းခရီးရောက်ခြင်း၊လုံခြုံမှုရှိခြင်းကြောင့်ခရီးသွား ပြည်သူများပိုမိုအားထား လာနေကြောင်းသိရသည်။

ဇော်မိုးဦး ( မြိတ်)

Most Read

Most Recent