စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမဲဇာမြစ်ဝှမ်းရှိ နေကြာစိုက်ခင်းများတွင် ဝတ်မှုန်ကူးရန် ပျားသတ္တဝါများ ရှားပါးလာမှုကြောင့် နေကြာပန်းများတွင် အစေ့အဆန်မပါရှိမှုဖြစ်ပေါ်နေကြောင်း သိရသည်။
ယင်းမဲဇာမြစ်ဝှမ်းတွင် ယာခင်းဧကပေါင်း ၁၀၉၂၀ ဧကရှိပြီး အများစုမှာ ဘိုးဘွားစဉ်ဆက် အစေ့စားနေကြာ စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ ယခုဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် ရိတ်သိမ်းချိန်တွင် မဲဇာမြစ်အောက်ပိုင်း ဒေသများတွင် စတင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် မြစ်ရိုးတစ်ရိုးလုံးရှိ နေကြာခင်းများတွင် ကြုံတွေ့ရခြင်း ဖြစ်သည်။
'' မနှစ်က သူများပြောတော့ မယုံဘူး။အပင်ကောင်းပြီး အခွက်လှတယ်။အစေ့အဆန်က ပါမလာတော့ဘူး။ အဓိကတော့ ပျားမရှိတော့တာလို့ ယူဆကြတယ်။မွေးမြူရေးပျားအဖွဲ့တွေလည်း၂၀၂၂ နောက်ပိုင်း ဒေသ လုံခြုံရေး အခြေအနေကြောင့် မလာဘူး။ ဒေသပျားတွေလည်း အရင်ငါးနှစ်ဝန်းကျင်က နှစ်ဧကခင်းဆိုရင် သုံးလေးငါးအုံ တွေ့နေရတာ။ အခုမှ မတွေ့သလောက် ရှားကုန်တာ။ မဲဇာ ရထားသံလမ်း တံတားကြီးကနေ ကြည့်လိုက်ရင် မျက်စိတဆုံးနေကြာခင်းတွေ တခင်းမှ မအောင်တာ''ဟု နေကြာစိုက်တောင်သူ ဦးခင်အောင်က ဆိုသည်။
ယင်းဒေသရှိ နေကြာခင်းများမှာ တစ်ဧကလျှင် ပျမ်းမျှတင်း ၃၅ နှင့်အထက် ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ငါးတင်းအောက်သာ ထွက်ရှိတော့သဖြင့် အခင်းအချို့မှာ လုပ်အားခ ဆုံးရှုံးသဖြင့် မရိတ်သိမ်းပဲ ပစ်ထားကြကြောင်း သိရသည်။
ဒေသတွင်း တစ်နှစ်လျှင် နေကြာတင်းပေါင်း နှစ်သိန်းကျော် ထွက်ရှိသည့် ဒေသဖြစ်ပြီးတစ်တင်းလျှင် လေးသိန်းနှုန်းဖြင့် တွက်ချက်ပါက ကျပ်သန်းပေါင်း ၈၀၀၀ ဝန်းကျင် ဆုံးရှုံးခဲ့သည့် အခြေအနေဖြစ်သည်။
မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဌာန၊ပျားမွေးမြူရေး ဌာနစိတ်မှ ပျားမွေးမြူရေး ပညာရှင်ဒုတိယ ညွန်ကြားရေးမှူးအငြိမ်းစားဦးအောင်မြင့်ဦးက မဲဇာမြစ်ဝှမ်းတွင် ၁၉၉၀ ခုနှစ် ဝန်းကျင်ကတည်းကပျားမွေးမြူရေး လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၎င်း၏ ကိုယ်တွေ့မှတ်တမ်းများကို ထုတ်ဖော်ပြောကြားသည်။
နေကြာ၊ပန်းနှမ်း ကဲ့သို့သောစိုက်သီးနှံများမှာ အင်းဆက်များ၏ ဝတ်မှုံကူးမှု မရရှိပါက အထွက်နှုန်း တဝက်ကျော် ကျဆင်းကြောင်း ဆိုသည်။
'' အဓိက ပျားနည်းသွားရင်တော့ အဲဒီဒေသက နေကြာတွေက အောင်တဲ့ ရာနှုန်း နည်းသွားမှာပဲ။ ၁၉၉၀ ဝန်းကျင်က သဘာဝတော တွေကောင်းတော့ ဒေသပျားတွေနဲ့လည်း ဝတ်မှုံကူးနိုင်တယ်။အခုက အဲဒီဒေသမှာ မဟုတ်ဘူး။အခြားဒေသက ပျားတွေပါ မျိုးသုဉ်းတာ၊ပျောက်ကွယ်တာတွေ ဖြစ်နေတယ်''ဟု ဒေသခံတစ်ဦးကဆိုသည်။
ဒေသခံများက ပျားတွေ ပျောက်သွားခြင်းမှာ သစ်တော ပြုန်းတီးခြင်းနှင့် ဒေသခံ တစ်ခုလုံး၏ မီခိုရာ မဲဇာမြစ်မှာ ရေဝေရေလဲ နေရာအားလုံး ရွှေကျင်ခြင်းကြောင့် သောက်ရေညစ်ညမ်းမှုနှင့်လည်း သက်ဆိုင်နိုင်ကြောင်း ထောက်ပြကြသည်။















