အာဆင်နယ်ပရိသတ်တွေအနေနဲ့ အခုထက်ပိုကောင်းဖို့လိုအပ်ပြီး အသင်းကို အကူအညီပေးရမယ်လို့ ရွန်နီ ပြောကြား

အာဆင်နယ်ပရိသတ်တွေအနေနဲ့ အခုထက်ပိုကောင်းဖို့လိုအပ်ပြီး အသင်းကို အကူအညီပေးရမယ်လို့ ရွန်နီ ပြောကြား
Photo: X
Photo: X
Published 20 April 2026

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီက အာဆင်နယ်ပရိသတ်တွေအနေနဲ့ အခုထက်ပိုကောင်းဖို့ လိုအပ်ပြီး အသင်းကို အကူအညီပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ (၂၂)နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမဲ့ ဘုန်းမောက်နဲ့ မန်စီးတီးကို နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ထားပေမဲ့ ပြည်တွင်းပြိုင်ပွဲတွေမှာ (၄)ပွဲဆက်ရှုံးပြီး ဖလားနှစ်လုံးဆုံးရှုံးထားတာကြောင့်လည်း ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။

''အာဆင်နယ်ပရိသတ်တွေအနေနဲ့ ပိုကောင်းဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ အသင်းကို ပွဲအပြီး အော်ဟစ်လှောင်ပြောင်ကြတာ တွေ့ခဲ့ပါတယ်။ အာဆင်နယ်က တစ်ရာသီလုံး အရမ်းကောင်းခဲ့တဲ့အသင်းဖြစ်ပြီး အခု နည်းနည်းဆိုးရွားတဲ့ပုံစံနဲ့ ရင်ဆိုင်ရတာပါ။ ပရိသတ်တွေရဲ့ အားပေးမှုက ကစားသမားတွေအပေါ် ဘယ်လောက်အထိ အဓိပ္ပာယ်သက်ရောက်မှုရှိတယ်ဆိုတာနဲ့ ဘယ်လောက်အကူအညီဖြစ်တယ်ဆိုတာကို သူတို့ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိဖို့အတွက် အာဆင်နယ်ပရိသတ်တွေက အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်'' လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။

ရွန်နီက အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းစားမှုလျော့ကျသွားရုံသာဖြစ်ပြီး မျှော်လင့်ချက်အပြည့်ရှိနေကြောင်းနဲ့ ချန်ပီယံပြေးလမ်းမှာ အလှည့်အပြောင်းတချို့ကို မြင်တွေ့ရလိမ့်ဦးမယ်လို့ ထင်မိကြောင်းလည်း သုံးသပ်ပြောကြားခဲ့ပါတယ်။

Most Read

Most Recent