မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ပြီလို့ အာတေတာ ပြောကြား

မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ပြီလို့ အာတေတာ ပြောကြား
Photo: X
Photo: X
Published 20 April 2026

အာဆင်နယ်နည်းပြ အာတေတာက ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ပြီလို့ ပြောကြားခဲ့ပါတယ်။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံဆုအတွက် အမှတ်လုပွဲမှာ အိမ်ရှင် မန်စီးတီးအသင်းက အာဆင်နယ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် အာဆင်နယ်က မန်စီးတီးကို (၃)မှတ်သာဖြတ်နိုင်တော့သလို၊ မန်စီးတီးက တစ်ပွဲလည်း လျော့နေပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းက အလေးသာသွားပြီဖြစ်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်လာပေမဲ့ အာတေတာက ပြိုင်ပွဲပြန်လည်စတင်တဲ့ အခြေအနေမျိုးသာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

''ပရီးမီးယားလိဂ် ပြန်လည်စတင်လုနီးပါးပါပဲ။ သူတို့လက်ထဲမှာ တစ်ပွဲရှိနေသလို၊ ကျွန်တော်တို့က (၃)မှတ်အသာရထားပြီး (၅)ပွဲ ကစားရဦးမှာပါ။ အားလုံး ဆက်ကစားရဦးမှာပါ။ ကျွန်တော်တို့ ပွဲတွေဘယ်လောက် အနိုင်ရခဲ့သလဲဆိုတာ သိထားသလို၊ နောက်တစ်ကြိမ် နိုင်ပွဲတွေရယူဖို့ ကြိုးစားသွားမှာပါ။ ဒါ သေချာပါတယ်။ ဒီနေ့ ကျွန်တော်တို့ အခွင့်အလမ်းတစ်ခု ဆုံးရှုံးသွားခဲ့ပေမဲ့ လာမယ့်(၅)ပွဲမှာ အကြီးမားဆုံးအခွင့်အလမ်းရှိနေပါသေးတယ်။ ဒါကြောင့် အဲဒါကို လုပ်လိုက်ကြရအောင်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးက အာဆင်နယ်နဲ့ ဂိုးကွာခြားချက်မှာလည်း တစ်ဂိုးသာ လျော့တော့တာကြောင့် လာမယ့်ဘန်လေနဲ့ပွဲမှာ အနိုင်ရတာနဲ့ အာဆင်နယ်ကို ကျော်တက်နိုင်တော့မှာပါ။

နောက်ဆုံးအလေးပေးမှုတွေအရ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးက (၈း၁၁)လေးနဲ့ ရေပန်းအစားဆုံးဖြစ်သွားခဲ့ပြီး အာဆင်နယ်က (၁၃း၁၀)လေးနဲ့ ဒုတိယနေရာ ရောက်သွားခဲ့ကြောင်းလည်း သိရပါတယ်။

Most Read

Most Recent