■ မြန်မာနှစ်ဆန်းတစ်ရက်နေ့က မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများမှ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၁၃၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်

■ မြန်မာနှစ်ဆန်းတစ်ရက်နေ့က မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများမှ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၁၃၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်
Published 18 April 2026

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းများမှ  အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၁၃၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ကျား ၁၄ ဦး၊ မ လေးဦး၊ မော်လမြိုင်အချုပ်ထောင်မှ ကျား ၃၂ ဦး၊ မ ၂၄ ဦး၊ သထုံမြို့နယ်အတွင်းရှိ ဈေးမသွယ်အကျဉ်းထောင်မှ အကျဉ်းသား ၃၁ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

အလားတူ ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ ကျား ၁၃ ဦး၊ ၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ ကျား ၁၂ ဦး၊ ၊ အင်းဗြောင်ကုန်ထုတ်စခန်းမှ ကျား ကိုးဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြကြောင်းနှင့် အကျဉ်းသား ၁၁၁ ဦး၊ အကျဉ်းသူ ၂၈ ဦး စုစုပေါင်း ၁၃၉ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသူများတွင် ပုဒ်မ - ၅၀၅ နှင့် ပုဒ်မ - ၅၀၅ နှင့် အခြားအမှုတွဲ နှစ်ဦးသာ ပါဝင်လာခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

နိုင်ငံတော်သမ္မတသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၄၃၃၅ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ - ၄၁၀၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ဧပြီ ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင် ဖော်ပြထားချက်အရ သိရသည်။

ထို့အပြင် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၇၉ ဦးကိုလည်း မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ - ၂၀၄၊ ပုဒ်မခွဲ (က) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲကျခံစေရန်၊ ထောင်ဒဏ်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ လျော့ပေါ့ကျခံစေရန် (ယခင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်များအရ သေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲထားသူများမပါ)၊ ထောင်ဒဏ်နှစ် ၄၀ အထက်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ ပြောင်းလဲကျခံစေရန်၊ ထောင်ဒဏ်နှစ် ၄၀ နှင့်အောက်ကျခံနေရသူများကို ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန်လည်း နိုင်ငံတော်သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့် ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent