ဟော်မုဇ်ရေလက်ကြားမဟုတ်သည့် အခြားလမ်းကြောင်းများမှတစ်ဆင့် ရေနံစိမ်းစည်သန်း ၂၇၀ ကျော် တင်သွင်းခွင့်ရသည်ဟု တောင်ကိုရီးယားပြောကြား

ဟော်မုဇ်ရေလက်ကြားမဟုတ်သည့် အခြားလမ်းကြောင်းများမှတစ်ဆင့် ရေနံစိမ်းစည်သန်း ၂၇၀ ကျော် တင်သွင်းခွင့်ရသည်ဟု တောင်ကိုရီးယားပြောကြား
Published 15 April 2026

တောင်ကိုရီးယားသည် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိတ်ဆို့မှု သက်ရောက်ခြင်းမရှိသော လမ်းကြောင်းများမှ တဆင့် ရေနံစိမ်းစည်သန်း ၂၇၀ ကျော်တင်သွင်းရန် အာမခံချက်ရရှိခဲ့သည်ဟု အကြီးတန်း တာဝန်ရှိသူက ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“လေးနိုင်ငံခရီးစဉ်အတွင်း ရေနံစိမ်း စည် ၂၇၃ သန်းကို အခုနှစ်ကုန်ပိုင်း လောက်မှာတင်သွင်းဖို့ အာမခံချက်ရရှိခဲ့တယ်ဆိုတာ နိုင်ငံကို ဒီနေရာကနေ ကျွန်တော် အစီရင်ခံပါတယ်”ဟု သမ္မတရုံးအကြီးအကဲ ကန်ဟွန်ဆစ်က ပြောကြားခဲ့သည်။

ယင်းပမာဏသည် တောင်ကိုရီးယား ရေနံလိုအပ်ချက် သုံးလကျော်အတွက် ဖူလုံသည်ဟု ကာဇက်စတန်၊ အိုမန်၊ ဆော်ဒီအာရေဗျ၊ ကာတာတို့ကိုသွားခဲ့သော ခရီးမှပြန်လာပြီးနောက် ကန်ဟွန်ဆစ်က ပြောကြားသည်။

အာရှစီးပွားရေး အင်အားကြီးနိုင်ငံအများအပြားကဲ့သို့ပင် တောင်ကိုရီးယားသည်  အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် နိုင်ငံ၏စွမ်းအင်လိုအပ်ချက်အန္တရာယ်များမြင့်တက်လာသည့်အရေးကို ရင်ဆိုင်နေရသည်။

တောင်ကိုရီးယား၏ရေနံစိမ်းသွင်းကုန် ၆၀ ရာခိုင်နှုန်းဝန်းကျင်ကိုလွန်ခဲ့သောနှစ်တွင် ဟော်မုဇ်ရေလက်ကြားအားဖြတ်သန်း ၍သယ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကန်က ပြောကြားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားကို ယခုအပတ်တွင် အမေရိကန်က စတင်ပိတ်ဆို့ခဲ့သည်။

တောင်ကိုရီးယားသည် ပလတ်စတစ်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် နက်ဖသာ (naphtha) နောက်ထပ် ၂ ဒသမ ၁ တန် ရရှိရန်လည်း သေချာခဲ့သည်ဟု ဆိုသည်။ နက်ဖသာသည် ရေနံမှတစ်ဆင့်ရရှိသည့် အရေးပါသော ဟိုက်ဒရိုကာဗွန်ဒြပ်နှောဖြစ်သည်။

Ref: AFP

Photo: AFP

Most Read

Most Recent