အမေရိကန်ဖက်ဒရယ် အယူခံတရားရုံးတစ်ရုံးက VOA သတင်းထောက်များနှင့် ဝန်ထမ်းများကို အလုပ်ပြန်ခန့်ရန် အစိုးရအဖွဲ့ကို အမိန့်ပေးခဲ့သည့် အောက်တရားရုံး၏ ဆုံးဖြတ်ချက်ကို မတ် ၃၁ ရက်က ယာယီရပ်ဆိုင်းခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အစိုးရရန်ပုံငွေဖြင့် ရပ်တည်နေသော VOA သတင်းဌာနကို ပိတ်သိမ်းရန် လုပ်ဆောင်ပြီးနောက် လစာပြည့် ခွင့်ရက်ရှည် ပေးခံထားရသည့် အချိန်ပြည့် သတင်းထောက်များနှင့် ပံ့ပိုးကူညီရေးဝန်ထမ်းအားလုံးကို အလုပ်ပြန်ခန့်ရန် အောက်တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ကိုလံဘီယာခရိုင် အမေရိကန်အယူခံတရားရုံးမှ တရားသူကြီးသုံးဦးပါဝင်သော အဖွဲ့က အောက်တရားရုံး၏ ဆုံးဖြတ်ချက်ကို ယာယီရပ်ဆိုင်းခဲ့သဖြင့် VOA သတင်းထောက် ၁၀၀၀ ခန့်အတွက် လုပ်ငန်းခွင်သို့ အမြန်ဆုံးပြန်လည်ဝင်ရောက်နိုင်မည့် အခြေအနေကို တားဆီးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ယခုလအစောပိုင်းတွင် ထွက်ပေါ်ခဲ့သော အောက်တရားရုံး၏ အမိန့်ထွက်ပေါ်ခဲ့ပြီးနောက် VOA ၏ မိခင်အဖွဲ့အစည်းဖြစ်သည့် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာမီဒီယာ အေဂျင်စီ (USAGM) သည် သီတင်းတစ်ပတ်လျင် VOA ဝန်ထမ်း ၇၀ ခန့်နှုန်းဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ခန့်အပ်မှုများ လုပ်ဆောင်ပေးခဲ့သည်။
ယခုကဲ့သို့ အယူခံတရားရုံး၏ ဆုံးဖြတ်ချက်ကို အားပေးကြောင်းနှင့် ယင်းဆုံးဖြတ်ချက်ကြောင့် ဥပဒေကြောင်းအရ လုပ်ငန်းစဉ်များ ရှေ့ဆက်နေစဉ်အတွင်း သမ္မတ ထရန့်၏ လုပ်ငန်းစဉ်များကို အနှောင့်အယှက်မရှိ ဆက်လက် အကောင်အထည်ဖော်သွားနိုင်မည်ဖြစ်ကြောင်း USAGM က ထုတ်ပြန်ခဲ့သည်။
သို့သော် ၎င်းတို့အနေဖြင့် မကြာသေးမီက လုပ်ငန်းခွင်သို့ ပြန်လည်ခန့်အပ်ထားသည့် သတင်းထောက်များကို လစာပြည့်နှင့်ခွင့်ရက်ရှည် ပြန်ပေးမည် ဟုတ်၊ မဟုတ်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။
၂၀၂၅ ခုနှစ် မတ်လကတည်းက သမ္မတထရန့်သည် ရုရှား၊ တရုတ်နှင့် အီရန်တို့ကဲ့သို့ စာနယ်ဇင်းလွတ်လပ်ခွင့် ကန့်သတ်ခံထားရသည့် နိုင်ငံများသို့ သတင်းထုတ်လွှင့်ပေးနေသော V.O.A. သတင်းအဖွဲ့ကို ဖျက်သိမ်းရန် တွန်းအားပေးလုပ်ဆောင်ခဲ့သည်။
အပတ်စဉ် လူပေါင်း သန်း ၃၆၀ ကျော်ထံ ဘာသာစကား ၄၉ မျိုးဖြင့် သတင်းများတင်ဆက်ပေးနေသည့် VOA သည် ယခုအခါ ၎င်း၏လုပ်ငန်းများကို သိသိသာသာ လျှော့ချလိုက်ရပြီး ဘာသာစကားအနည်းငယ်ဖြင့်သာ တစ်နေ့လျှင် နာရီအနည်းငယ်ကြာ ထုတ်လွှင့်ပေးနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။
ထိုအခြေအနေမျိုးတွင် အမေရိကန်၏ ပြိုင်ဘက်နိုင်ငံများက ဝါဒဖြန့်မှုများနှင့် သတင်းမှားများဖြင့် အစားထိုးဝင်ရောက်လာမည်ကို စိုးရိမ်ကြသဖြင့် လွှတ်တော်အတွင်းရှိ ပါတီနှစ်ရပ်လုံးမှ အမတ်များသည် VOA ကို ပိတ်သိမ်းရန် ထရန့်၏ တွန်းအားပေးမှုကို ဆန့်ကျင်ကာ ရန်ပုံငွေ ဆက်လက်ထောက်ပံ့ပေးမည့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်။
ကိုလံဘီယာခရိုင်တရားရုံးမှ အောက်တရားရုံး တရားသူကြီး ရွိုက်စ်စီ လမ်းဘတ်ကလည်း ထရန့်၏ ကြိုးပမ်းမှုများကို ဟန့်တားပိတ်ပင်ထားခဲ့သည်။
ထို့ပြင် မတ် ၇ ရက်တွင် တရားသူကြီးလမ်းဘတ်က VOA ကို ပိတ်သိမ်းရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့သည့် ထရန့်၏ အနီးကပ်လူယုံ ကာရီလိခ်အား USAGM အကြီးအကဲအဖြစ် ရာထူးခန့်အပ်မှုသည် တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ဝန်ထမ်းအများအပြားကို အလုပ်ထုတ်ပယ်ခြင်း အပါအဝင် ကာရီလိခ်အတည်ပြုခဲ့သည့် ညွှန်ကြားချက်အားလုံးကို ပျက်ပြယ်စေခဲ့သည်။
မတ်လ ၁၇ ရက်တွင်လည်း VOA ဝန်ထမ်း ၁၀၀၀ ကျော်ကို လစာပြည့် ခွင့်ရက်ရှည်ပေးခြင်း အပါအဝင် VOA ၏ လုပ်ငန်းဆောင်တာများကို လျှော့ချရန် ထရန့်အစိုးရက လုပ်ဆောင်ခဲ့သည့် အရေးယူ ဆောင်ရွက်ချက် အားလုံးကို တရားသူကြီး လမ်းဘတ်က ပယ်ဖျက်ပေးခဲ့သည်။
ထရန့်အစိုးရသည် VOA ဝန်ထမ်းများကို အလုပ်ပြန်လည်ခန့်အပ်ရန် ညွှန်ကြားသည့် အမိန့်ကိုသာ အယူခံဝင်ခဲ့ခြင်းဖြစ်ပြီး တရားသူကြီး လမ်းဘတ်၏ စီရင်ချက်ပါ အခြားဆုံးဖြတ်ချက်များကိုမူ အယူခံဝင်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် VOA ကို ပိတ်သိမ်းရန် အစိုးရ၏ အခြားလုပ်ဆောင်ချက်များကို ပယ်ဖျက်ပေးခဲ့သည့် တရားသူကြီးလမ်းဘတ်၏ ဆုံးဖြတ်ချက်မှာ လတ်တလောတွင် အတည်ဖြစ်နေဆဲပင် ဖြစ်သည်။














