ပင်တဂွန်က အီရန်တွင် မြေပြင်စစ်ဆင်ရေးများပြုလုပ်ရန် ပြင်ဆင်နေကြောင်း Washington Post က ဖော်ပြ

ပင်တဂွန်က အီရန်တွင် မြေပြင်စစ်ဆင်ရေးများပြုလုပ်ရန် ပြင်ဆင်နေကြောင်း Washington Post က ဖော်ပြ
Published 29 March 2026

ပင်တဂွန်စစ်ဌာနချုပ်သည် အီရန်နိုင်ငံအတွင်း သီတင်းပတ်များစွာကြာမည့် မြေပြင်စစ်ဆင်ရေးစီမံချက်များကို ပြင်ဆင်နေကြောင်း Washington Post သတင်းစာက မတ် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

ထိုစီမံချက်များအနက် ခါ့ဂ်ကျွန်းနှင့် ဟော်မုဇ်ရေလက်ကြားအနီးရှိ ကမ်းရိုးတန်းဒေသများကို စီးနင်းတိုက်ခိုက်မှုများ ပါဝင်နိုင်ကြောင်း သို့သော် သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် မည်သည့်တပ်ဖြန့်ချထားမှုကိုမျှ အတည်ပြုခြင်း မရှိသေးကြောင်း Washington Post က ဖော်ပြခဲ့သည်။

မည်သည့်မြေပြင်စစ်ဆင်ရေးကိုမဆို ကျူးကျော်စစ်အသွင် အင်ပြည့်အားပြည့် ဝင်ရောက်တိုက်ခိုက်သည့် ပုံစံမျိုးမဟုတ်ဘဲ အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် ပုံမှန်ခြေလျင်တပ်ရင်းများ ပါဝင်သည့် စီးနင်းတိုက်ခိုက်မှုပုံစံမျိုးသာ ဖြစ်လိမ့်မည်ဟု အမည်မဖော်လိုသော အရာရှိများကို ကိုးကား၍ Washington Post က ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ အမေရိကန်အနေဖြင့် မြေပြင်တပ်ဖွဲ့များ အသုံးမပြုဘဲ မိမိတို့၏ ရည်မှန်းချက်အားလုံးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း မတ် ၂၇ ရက်က ပြောကြားခဲ့သည်။

သို့သော်လည်း အမေရိကန်၏ စစ်ဆင်ရေးစီမံချက်များသည် ပိုမိုတိုးတက်လာခဲ့ကြောင်းနှင့် မြေပြင်စစ်ဆင်ရေးသည် နောက်ဆုံးမိနစ်မှ အလောတကြီး ပြင်ဆင်သည့် အစီအစဉ်မျိုးမဟုတ်ကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု Washington Post သတင်းစာက ဖော်ပြခဲ့သည်။

Ref:AFP

Most Read

Most Recent