မန္တလေးမြို့တွင် ဓာတ်ဆီမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ သားအမိနှစ်ဦးအနက် ဆယ်ကျော်သက်သားတစ်ဦး သေဆုံးပြီး အမေဖြစ်သူ မီးလောင်ဒဏ်ရာရ

မန္တလေးမြို့တွင် ဓာတ်ဆီမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ သားအမိနှစ်ဦးအနက် ဆယ်ကျော်သက်သားတစ်ဦး သေဆုံးပြီး အမေဖြစ်သူ မီးလောင်ဒဏ်ရာရ
Published 26 March 2026

မန္တလေးမြို့တွင် ဓာတ်ဆီမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ သားအမိနှစ်ဦးအနက် ဆယ်ကျော်သက်သားတစ်ဦး သေဆုံးပြီး အမေဖြစ်သူ မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း မဏိစလလူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုမှာ မတ် ၂၆ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရှမ်းဝိုင်းရပ်ကွက်ရှိ လူနေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဓာတ်ဆီက စလောင်တာလို့ သိရတယ်။ ကလေးက ဆယ်နှစ်ကျော်အရွယ်ရှိပြီပေါ့။ ဆုံးသွားတာက သားလေးပါ။ အမေဖြစ်တဲ့သူကလည်း မီးလောင်ဒဏ်ရာတွေရခဲ့တယ်။ စိုးရိမ်စရာတော့ သိပ်မရှိပေမယ့် သားဇောနဲ့ စိတ်ကျန်းမာရေး နည်းနည်းထိခိုက်သွားတဲ့သဘောမှာရှိတယ်။ ကျွန်တော်တို့ ရုံးနဲ့က တပြလောက်ပဲဝေးတာဆိုတော့ ဖြစ်တာနဲ့ ချက်ချင်းသွားကူညီနိုင်ခဲ့တယ်” ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်စဉ်တွင် ဆယ်ကျော်သက်အမျိုးသားမှာ သေဆုံးခဲ့ပြီး အမေဖြစ်သူမှာ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ အမေဖြစ်သူကို မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

“အမေကိုတော့ ဆေးရုံကြီးကို ပို့ပေးလိုက်တယ်။ ကျွန်တော်တို့ဆီက ရေဘောက်ဆာကားနှစ်စီးနဲ့ မီးသတ်အဖွဲ့ကို ကူညီပေးခဲ့တယ်။ ပြီးတော့ DB ထုတ်တာတို့ဘာတို့မှာလည်း ကူညီပေးခဲ့တယ်” ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent