နာမည်ကျော်ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ကာရေဂါက ပရီးမီးယားလိဂ်ကို လာကစားတဲ့ ပြည်ပကစားသမားတွေထဲမှာ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာထက်ပိုကောင်းတာ အာဆင်နယ်တိုက်စစ်မှူး အွန်နရီတစ်ဦးပဲရှိတယ်လို့ သုံးသပ်ရေးသားခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဆာလာဟာ ဆယ်စုနှစ်တစ်ခုနီးပါး လက်တွဲခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာခဲ့တာကြောင့် ကာရေဂါက Sky Sports မှာ အခုလိုချီးကျူးရေးသားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဆာလာဟာ လီဗာပူးလ်အသင်းကို ၂၀၁၇ ခုနှစ်ကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ တတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို၊ ပရီးမီးယားလိဂ်သမိုင်းမှာလည်း စတုတ္ထဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။
''အင်္ဂလန်ကို ရောက်ရှိလာတဲ့ ပြည်ပတိုက်စစ်အကျော်အမော်တွေထဲမှာ ဆာလာရဲ့အထက်မှာ ရပ်တည်နိုင်တာ သီယာရီအွန်နရီတစ်ဦးပဲ ရှိပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒို၊ အီဒင်ဟာဇက်၊ ဂျီယန်ဖရန်ကိုဇိုလာ၊ ဒင်းနစ်ဘားကမ့် ဒါမှမဟုတ် အဲရစ်ကန်တိုနာ သူတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် အီဂျစ်သားနဲ့ တန်းတူပဲရှိပါတယ်။ ရော်နယ်လ်ဒိုရဲ့ အကောင်းဆုံးခြေစွမ်းက ရီးယဲလ်မက်ဒရစ်မှာပါ။ ပရီးမီးယားလိဂ်သက်သက်ဆိုရင် ဆာလာက သူ့အထက်မှာရှိပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံးအသင်း ရွေးမယ်ဆိုရင် ဆာလာက အွန်နရီ၊ ရော်နယ်လ်ဒိုတို့နဲ့အတူ တိုက်စစ်(၃)ဦးထဲမှာ ရွေးချယ်ခံရမှာပါ'' လို့ ကာရေဂါက ရေးသားခဲ့ပါတယ်။
လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ဆာလာကို ဆော်ဒီကလပ်အသင်းတွေနဲ့ မေဂျာလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေကြသလို၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ PSG တို့ကို ရောက်ရှိနိုင်ကြောင်းလည်း ထင်ကြေးပေးနေကြပါတယ်။















