မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာနေ ဆိုင်ကယ် Taxi မောင်းနှင်သည့် အမျိုးသားတစ်ဦး စက်သုံးဆီဝယ်ယူနိုင်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရသည့်ဒဏ်ကြောင့် အပူရှပ်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာအလယ်ပိုင်း၊ ရပ်ကွက် (၁၂) နေ အသက် ၄၀ နှစ်အရွယ် ဆိုင်ကယ် Taxi မောင်းနှင်သည့် အမျိုးသားမှာ မတ် ၂၃ ရက် နံနက် ၂ နာရီခွဲအချိန်ခန့်မှ နေ့လည်ပိုင်းအချိန်အထိ မုဒွန်းကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်၌ တန်းစီခဲ့ပြီး နေအိမ်သို့ ပြန်လာစဉ် ခေါင်းကိုက်ဝေဒနာခံစားနေခဲ့ရာက သွေးပေါင်ကျကာ အသက်သေဆုံးသည်အထိဖြစ်ခဲ့ရကြောင်း မုဒွန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “နယ်တွေမှာက စက်သုံးဆီကို မနက် ၇ နာရီကနေ ၉ နာရီအထိကို တစ်ကြိမ်၊ ညနေ ၃ နာရီကနေ ၅ နာရီအထိကို တစ်ကြိမ်ပဲ ရောင်းကြတယ်။ ဆီဝယ်ဖို့ကို အစောကြီးထပြီး တန်းစီပြီးမှ ဝယ်ယူနေကြရပါတယ်” ဟု ပြောကြားသည်။
အပူရှပ်ကာ သွေးပေါင်ကျပြီး သေဆုံးခဲ့ရသည့် ဆိုင်ကယ် Taxi မောင်းနှင်သည့် အမျိုးသား၏ ရုပ်အလောင်းအား မတ် ၂၃ ရက် ညနေပိုင်းက မုဒွန်းကျေးရွာရှိ သုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့်ဖူလုံမှုရှိစေရေးတို့အတွက်ဟုဆိုကာ ဆိုင်ကယ်အား ၅၀၀၀ ကျပ်နှုန်း၊ သုံးဘီး/အိုးဝေအား ၁၀၀၀၀ ကျပ်နှုန်း၊ အိမ်စီးကား ၄၀၀၀၀ ကျပ်နှုန်း၊ ခရီးသည်တင်ယာဉ်/ Light Truck နှင့် ကုန်ကားများအတွက် ဒီဇယ်ဆီ ၁၀၀၀၀၀ ကျပ်နှုန်း၊ ပရီမီယံဒီဇယ်ကားများ (နံပါတ်အနီ) ၄၀၀၀၀ ကျပ်နှုန်းနှင့် (နံပါတ်အနက်) ၃၀၀၀၀ ကျပ်နှုန်းသာရောင်းချရန်နှင့် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ရောင်းချရန် မွန်ပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန က မတ် ၄ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်အရ သုံးဘီး/အိုးဝေများ၊ အိမ်စီးမော်တော်ယာဉ်များအတွက် သင့်တော်မှုများရှိသော်လည်း ဆိုင်ကယ်အတွက် ၅၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးသည့်အတွက်ကြောင့် အဆင်မပြေမှုများစွာရှိနေကြောင်းလည်း မော်လမြိုင်မြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိ မွန်ပြည်နယ်၏ စက်သုံးဆီရည်ညွန်းဈေးနှုန်းအရ ဓါတ်ဆီ 92 Rom တစ်လီတာလျှင် ၃၇၆၅ ကျပ်၊ 95 Rom တစ်လီတာလျှင် ၃၉၉၅ ကျပ် ရှိရာ ဆိုင်ကယ်အတွက် ကျပ် ၅၀၀၀ ဖိုးသာ ရောင်းချပေးနေသည့်အတွက် ၁ ဒသမ ၃၂၈ လီတာသာ ဝယ်ယူခွင့်ရကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ကျနော်တို့က ဇေယျာ (၁) ရပ်ကွက်ဘက်ကနေ ဈေးကြီးမှာ အလုပ်လုပ်နေကြသူတွေပါ။ ဆိုင်ကယ်နဲ့ပဲ အသွားအလာလုပ်နေကြရတာ။ ဆီထည့်ဖို့ကလည်း အနည်းဆုံး အချိန် ၁ နာရီလောက်တန်းစီစောင့်ရတယ်။ ပြီးရင်တော့ ဓာတ်ဆီ ၅၀၀၀ ကျပ်ဖိုးရတယ်ပေါ့။ လက်ရှိ စက်သုံးဆီဈေးနှုန်းအရ ဓာတ်ဆီတစ်လီတာကျော်ကျော်လေးပဲရတယ်။ ကျနော်တို့ အလုပ်သွား အလုပ်ပြန်ဆိုရင် ဆီက ကုန်ပြီ။ နောက်ရက်ဆီထည့်ဖို့က စုံ/မခွဲထားလို့ ဆီမထည့်နိုင်ဘူး။ Taxi ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင်အနည်းဆုံး ၇၀၀၀ ကျပ် အသွားအပြန်ဆိုရင် ၁၄၀၀၀ ကျပ်လောက် ကုန်ကျတော့ မတတ်နိုင်ဘူး။ အဲ့ဒီတော့ စက်သုံးဆီကို နှစ်ကြိမ်လောက်တန်းစီမှ ၁၀၀၀၀ ကျပ်ဖို့ရတယ်။ ဆီ နှစ်လီတာကျော်ကျော်ရတယ်။ အဲ့ဒါဆိုရင် နှစ်ရက်လောက် ကောင်းကောင်းသွားလာလို့ ရပါတယ်” ဟု ပြောကြားသည်။
စက်သုံးဆီဆိုင်များအနေဖြင့် ဆိုင်ကယ်စီးနင်းသူများအတွက် စက်သုံးဆီအား အနည်းဆုံး ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ဖိုး ရောင်းချပေးစေချင်ကြောင်းနှင့် စက်သုံးဆီ ၅၀၀၀ ကျပ်ဖိုးရရှိစေရန် မည်သူမျှ အချိန်ကြာမြင့်စွာ တန်းစီကာ ဝယ်ယူလိုခြင်းမရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အတူ မော်လမြိုင်မြို့ခံ ဆိုင်ကယ် Taxi မောင်းနှင်သူတစ်ဦးကလည်း “ဆီရဖို့ မနက်အစောကြီး လာတန်းစီရတယ်။ မနက် ၆ နာရီလောက် ဆီဆိုင်စဖွင့်ပြီးဆို ၅၀၀၀ ကျပ်ဖိုး ထည့်၊ ပြီးရင် ကိုယ့်ဖောက်သယ်တွေကို လိုက်ပို့ရတယ်။ ပြီးရင် ဆီက ကုန်လုပြီ။ ဆီဆိုင်သွားပြန်ပြီး တန်းစီစောင့်ရတယ်။ တစ်နာရီလောက် တန်းစီပြီးရင် ၅၀၀၀ ကျပ်ဖိုး ပြန်ထည့်၊ ပြီးရင် ခရီးသည်တစ်ယောက်လောက် လိုက်ပို့၊ ခရီးဝေးရင် ခရီးသည်ပို့ပြီး ဆီဆိုင်လာပြန်တန်းစီရတယ်။ အဆင်မပြေဘူး။ ဆိုင်ကယ်ကို ၁၀၀၀၀ ကျပ်ဖိုးလောက် ရောင်းပေးရင်တော့ တစ်နေ့တာအဆင်ပြေပြေ Taxi ဆွဲနိုင်မှာပါ” ဟု ပြောကြားသည်။
စက်သုံးဆီအကြပ်အတည်းဖြစ်နေချိန် မှောင်ခိုထုတ်ရောင်းကြသူများ၊ ဆီဆိုင်များတွင် အခေါက်ခေါက်အခါခါ တန်းစီကာ ဝယ်ယူရောင်းချနေသူများအား ထိထိရောက်ရောက်အရေးယူနိုင်မှသာ စက်သုံးဆီဆိုင်များတွင် ဆီအမှန်တကယ်လိုအပ်သူများ တန်းစီစောင့်ဆိုင်းနေရချိန် လျော့သွားနိုင်မည်ဟု ယူဆကြောင်းလည်း ၎င်းက ဆိုသည်။
Photo Credit: CJ















