မတ် ၂၃ ရက် တစ်ရက်တည်း၌ ငလျင်သုံးကြိမ် လှုပ်ခတ်ခဲ့ပြီး ပျဉ်းမနားမြို့အနီးဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ ဖြင့် လှုပ်ခတ်ခဲ့သည့်အတွက် ဒေသခံများ သိသိသာသာခံစားခဲ့ရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယင်းလှုပ်ခတ်မှုတွင် နှစ်ကြိမ်မှာ လွန်ခဲ့သည့်တစ်နှစ်ခန့်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်၏ နောက်ဆက်တွဲငလျင်အဖြစ် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
မတ် ၂၃ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် နောက်ဆက်တွဲမြေငလျင်အဖြစ် ရွှေကျင်မြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၇ ဖြင့် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ ညနေ ၆ နာရီ ၁၄ မိနစ်ခန့်တွင် နောက်ဆက်တွဲငလျင်အဖြစ် ပျဉ်းမနားမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ ဖြင့် လှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါလှုပ်ခတ်မှုတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ်များအတွင်း နေထိုင်သူများအနေဖြင့် သိသိသာသာခံစားခဲ့ရသဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်၏ နောက်ဆက်တွဲငလျင်အဖြစ် ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်အထိ အကြိမ်ရေ ၂၉၀ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ယင်းနေ့ ည ၁၁ နာရီ ၅၇ မိနစ်ခန့်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၉၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လေရှီးမြို့၏ အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၅ ဒသမ ၃၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၁၂ ဒီဂရီ၊ အနက် ၅၉ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ သိရသည်။















