မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာရှိ မင်းသန့် (၁) စက်သုံးဆီအရောင်းဆိုင်၌ စက်သုံးဆီများအား ဆီပေပါများဖြင့် တရားမဝင်ရောင်းချသည့်အတွက်ကြောင့်ဟုဆိုကာ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နှင့် တာဝန်ရှိသူများအား အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မတ်(၁၃) ရက်၊ ည (၆) နာရီအချိန်ခန့်က အဆိုပါ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာ မော် လမြိုင် - မုဒုံကားလမ်းဘေးရှိ မင်းသန့် (၁) စက်သုံးဆီအရောင်းဆိုင်တွင် စက်သုံးဆီများ သိုလှောင်ထား သော်လည်း ရောင်းချမှုမရှိသည့်အတွက်ကြောင့် သက်ဆိုင်ရာက သွားရောက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ၌ အဆိုပါ မင်းသန့် (၁) စက်သုံးဆီအရောင်းဆိုင်ရှိ ဓါတ်ဆီနှင့် ဒီဇယ်ဆီသိုလှောင်ကန်များအား တိုင်းတာစစ်ဆေးခြင်းနှင့် ဆိုင်ဘေးရှိ သစ်ပါးလွှာစက်ရုံဝင်းနှင့် ကပ်လျှက်ခြံအတွင်း ဆီဘောက်ဆာများတွေ့ရှိရသော်လည်း ဖွင့်၍ စစ်ဆေးချက်အရ စက်သုံးဆီများတွေ့ရှိခြင်းမရှိဘဲ ၎င်းဝန်းအတွင်း MON – 4 /3F -2294 နံပါတ်ပါ NISSAN CONDOR အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ပေါ်တွင် ဆီပေပါ (၄၆) လုံး (ဓါတ်ဆီဂါလံ (၁၇၀၀ ဂါလံခန့်အား လည်းကောင်း၊ MON – 4 /4P – 4283 MITSUBISHI CANTER အမျိုးအစား အဖြူရောင်ယာဉ်ပေါ်တွင် ဆီပေပါ (၁၄) လုံး (ဓါတ်ဆီဂါလံ (၆၃၆) ဂါလံခန့်အား လည်းကောင်း၊ MON – 4 /4P – 5860 MITSUBISHI CANTER အမျိုးအစား အပြာရောင်ယာဉ်ပေါ်တွင် ဆီပေပါ (၁၄) လုံး (ဓါတ်ဆီဂါလံ (၅၆၀) ဂါလံခန့်အား လည်းကောင်း၊ စုစုပေါင်း ဆီပေပါ (၇၄) လုံး ဓါတ်ဆီဂါလံ (၂၈၉၆) ဂါလံ (တန်ဖိုး ဓါတ်ဆီ (၁) ဂါလံလျှင် (၁၅၀၀၀) ကျပ်နှုန်း - ၄၃၄၄၀၀၀၀) ကျပ်) အားတွေ့ရှိခဲ့ပြီး မော်တော်ယာဉ်နှင့်အတူ ဆီပေပါများအား မုပွန်နယ်မြေရဲစခန်းသို့ သယ်ဆောင်ကာ ထိန်းသိမ်းထားကြောင်း သိရသည်။
“မင်းသန့် (၁) စက်သုံးဆီအရောင်းဆိုင်မှာက သတ်မှတ်စက်သုံးဆီခွဲတန်းရပေမယ့် ဆီမရောင်းပဲ ဆိုင်ကိုပိတ်ထားတယ်လို့ တိုင်ကြားချက်တွေအရ သွားရောက်စစ်ဆေးခဲ့တာပါ။ အဲ့ဒီလို စစ်ဆေးတဲ့အခါမှာ ဆီဘောက်ဆာကားတွေပေါ်က စက်သုံးဆီတွေကို ဆိုင်မှာရှိတဲ့ဆီကန်တွေထဲ မထည့်ပဲ ဆီပေပါတွေထဲ ထည့်ပြီး ရောင်းချနေတာမျိုး စစ်ဆေးတွေ့ရှိခဲ့တာလို့ သိရပါတယ်”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထိုဖြစ်စဉ်မှ စက်သုံးဆီများအား ရောင်းချခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ညွန်ကြားချက်များအား ဖောက်ဖျက်ကျူးလွန်သူ မင်းသန့် စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင်၊ မင်းသန့် စက်သုံးဆီအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးမင်းရဲထွန်း၊ မင်းသန့်(၁) စက်သုံးဆီအရောင်းဆိုင် မန်နေဂျာဖြစ်သူ ဦးဇော်မင်းအောင်တို့ (၃) ဦးအား မုပွန်နယ်မြေရဲစခန်းတွင် (ပ )၄၉/၂၀၂၆၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ -၃၉ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့ကလည်း ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားလုံခြုံရေးဂိတ်တွင် ကရင်ပြည်နယ်ဘက်သို့ တရားမဝင်ပို့ဆောင်မည့် စက်သုံးဆီများ ဖမ်းဆီးရမိခဲ့ရာ၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ မိဘမေတ္တာစက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးမြင့်ဇော်ဦး (ခ) ဇော်ဦး နှင့် ဆိုင်မန်နေဂျာဖြစ်သူ ကိုကိုလတ် တို့နှစ်ဦးကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးကာ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့အတူ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းရှိ “စွမ်းမြန်မာ”စက်သုံးဆီအရောင်းဆိုင် ဂိုဒေါင်မှ စက်သုံးဆီများအား ကော်ပုံများဖြင့် ရောင်းချနေကြောင်းကို သက်ဆိုင်ရာက တွေ့ရှိစစ်ဆေးခဲ့ရာ၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး “စွမ်းမြန်မာ”စက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင် (ခ) ကာဆင်၊ ဂိုဒေါင်တာဝန်ခံ ကိုဇေယျာမင်း တို့ (၂) ဦးကိုလည်း ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။















