ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်ကလပ်(၃)သင်းစလုံး နိုင်ပွဲတွေ ရယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။
ယူရိုပါလိဂ်မှာ အက်စတွန်ဗီလာက လိုင်လီကို (၂-၀)ဂိုးနဲ့ ထပ်မံအနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း (၃-၀)ဂိုးနဲ့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကတော့ ပထမအကျော့မှာ (၀-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရတဲ့ မစ်ဂျေးလန်းကို (၂-၁)ဂိုးနဲ့ ပြန်အနိုင်ရခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။
အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ကြတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး နော်တင်ဟမ်အသင်းက ပယ်နယ်တီ(၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ကွန်းဖရန့်လိဂ်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းက ပထမအကျော့မှာ ဂိုးမရှိသရေကျခဲ့တဲ့ လာနာကာအသင်းနဲ့ (၁-၁)ဂိုး သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဒါကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို အင်္ဂလန်ကလပ် (၂)သင်းသာ တက်ရောက်နိုင်ခဲ့ပေမဲ့ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာတော့ အင်္ဂလန်ကလပ်(၃)သင်းစလုံး ခရီးဆက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ဘက်တစ် - ဘရာဂါ၊ ဖရိုင်းဘတ် - ဆယ်လ်တာဗီဂို၊ ပေါ်တို - နော်တင်ဟမ်ဖောရက်စ်၊ ဘိုလော့ဂ်နာ - အက်စတွန်ဗီလာတို့ ဆုံတွေ့ခဲ့ကြပါတယ်။
ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်မှာတော့ ရှက်တာဒိုးနက် - အယ်လ်ခမာ၊ ခရစ္စတယ်ပဲလေ့စ် - ဖီအိုရင်တီးနား၊ ဗယ်လက်ကာနို - AEK အေသင်၊ မိန့်ဇ် - စထရာဘိုးတို့ ဆုံတွေ့ခဲ့ကြပါတယ်။















