အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)ဟာ ၂၀၂၆ Finalissima ပွဲ ဘာနေဗျူးကွင်းမှာ ကျင်းပဖို့ အဆိုပြုမှုကို လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၆ Finalissima ပွဲကို မတ်လ် ၂၇ ရက်နေ့မှာ ကာတာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမဲ့ လက်ရှိအချိန် အမေရိကန် - အီရန် ပဋိပက္ခကြောင့် ကာတာနိုင်ငံမှာ ကျင်းပဖို့ မလွယ်ကူတဲ့ အခြေအနေဖြစ်နေပါတယ်။
ဒါကြောင့် တခြားနိုင်ငံတစ်ခုမှာ ပြောင်းလဲကျင်းပဖို့ စီစဉ်နေရာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကွင်မှာ ကျင်းပဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) နဲ့ တောင်အမေရိကဘောလုံးအ ဖွဲ့ချုပ်(CONMEBOL) တို့ သဘောတူညီမှု ရရှိခဲ့ပေမဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က စပိန်အသင်းအတွက် အားသာချက်ရရှိသွားစေမှာဖြစ်တာကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆ Finalissima ပွဲကို ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းနဲ့ ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာပီယာက မိမိတို့လည်း အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းရဲ့ကွင်းမှာ ကျင်းပလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
AFA ရဲ့ ငြင်းပယ်မှုကြောင့် စပိန်နိုင်ငံမှာ ကျင်းပနိုင်ခြင်းမရှိခဲ့ပါက ပေါ်တူဂီနဲ့ အီတလီနိုင်ငံတွေမှာ ကျင်းပဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။















