အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စပါးအသင်း (၆)ပွဲဆက်ရှုံးနိမ့်

အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စပါးအသင်း (၆)ပွဲဆက်ရှုံးနိမ့်
Photo: X
Photo: X
Published 11 March 2026

စပါးအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့မှာ အက်သလက်တီကိုအသင်းကို (၂-၅)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ(၆)ပွဲဆက် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

စပါးအသင်းဟာ မန်ယူ၊ နယူးကာဆယ်၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ ပဲလေ့စ်၊ အက်သလက်တီကိုတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အသင်းရဲ့ (၁၄၄)နှစ်တာ သက်တမ်းအတွင်းမှာ ဒီလောက်အထိ ရှုံးပွဲမဆက်ခဲ့ဖူးကြောင်း သိရပါတယ်။

စပါးအသင်းဟာ အက်သလက်တီကိုနဲ့ပွဲမှာ ပွဲအစ(၁၅)မိနစ်အတွင်းမှာပဲ (၃)ဂိုးအသွင်းခံခဲ့ရပြီး ဂိုးသမား ကင်စကီးရဲ့ အမှားအယွင်းတွေကြောင့် နှစ်ဂိုးပေးခဲ့ရတဲ့အတွက် (၁၇)မိနစ်မှာပဲ ကင်စကီးကို လူစားလဲခဲ့ကြောင်းလည်း သိရပါတယ်။

ဒီလိုလူစားလဲခဲ့ခြင်းအတွက် နည်းပြ တူဒေါအနေနဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တူဒေါက သူ့ရဲ့နည်းပြသက်တမ်း(၁၅)နှစ်အတွင်း အခုလို မလုပ်ဆောင်ခဲ့ဖူးကြောင်းနဲ့ ကစားသမားကိုရော အသင်းကိုပါ ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တာကြောင့် လူစားလဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးခဲ့ပါတယ်။

တူဒေါက စပါးအသင်းရဲ့သမိုင်းမှာ ပထမဆုံးကိုင်တွယ်တဲ့(၄)ပွဲစလုံးရှုံးနိမ့်တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

စပါးအသင်းက တူဒေါကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ သောမတ်စ်ဖရန့်ခ်ရဲ့နေရာ အစားထိုးခန့်အပ်ထားခြင်းဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ရာထူးက ပြန်လည်ထုတ်ပယ်ဖို့ စဉ်းစားနေပြီဖြစ်ကြောင်းလည်း သတင်းထွက်နေပါတယ်။

Most Read

Most Recent