■ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ​ငါးနှစ်အတွင်း EAO များ၊ နိုင်ငံ​ရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တွေ့ဆုံ​ဆွေး​​နွေးမှု ၁၄၉ ကြိမ်ရှိ

■ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ​ငါးနှစ်အတွင်း EAO များ၊ နိုင်ငံ​ရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တွေ့ဆုံ​ဆွေး​​နွေးမှု ၁၄၉ ကြိမ်ရှိ
Published 10 March 2026

ယင်း​​တွေ့ဆုံ​ပွဲများတွင် ဆွေးနွေးနိုင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်​ဆင်​​ရေးအပါအဝင် ဒေသနှင့်တိုင်းပြည်အတွက်  ဖြစ်သင့်ဖြစ်ထိုက်သည့်အချက်များကို လာမည့်လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်​ကြောင်း ယာယီသမ္မတ ​ပြောကြား

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ​ငါးနှစ်အတွင်း EAO များ၊ နိုင်ငံ​ရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် တွေ့ဆုံ​ဆွေး​​နွေးမှု ၁၄၉ ကြိမ်ရှိ​ကြောင်း သိရသည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော် အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းအား ယနေ့(မတ် ၁၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ယာယီသမ္မတ ပြည်တွင်းငြိမ်းချမ်း​ရေးနှင့်ပတ်သက်၍ ထည့်သွင်း​ပြောကြားမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတက ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်သူလူထုအကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဖြင့်ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၈၉)ကြိမ်၊ NCA လက်မှတ် ရေးထိုးထားခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် (၂၅)ကြိမ်၊ နိုင်ငံရေးပါတီများနှင့်(၂၂)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃)ကြိမ်၊ စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း ​ပြောကြားသည်။

ထိုသို့ ဆွေးနွေးသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့်အချက် များကို အကျေအလည်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေများနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၌လည်း ပြင်ဆင် နေကြသည့်အခြေအနေများရှိနေကြကြောင်း၊ လက်ရှိအခြေခံဥပဒေသည် ၁၉၉၁ ခုနှစ် အမျိုးသားညီလာခံမှ စတင်အခြေပြုရေးဆွဲခဲ့ခြင်းဖြစ်၍ ယခုခေတ်စနစ်နှင့်အညီ ပြုပြင်ရန်များရှိနိုင်ကြောင်း၊ အခြေခံဥပဒေသည် ခိုင်မာမှုရှိပါက ပိုမိုကောင်းမွန်သဖြင့် ဥပဒေ ရေးဆွဲရာတွင် အရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံမှ စဉ်းစားရေးဆွဲရန်လိုကြောင်း၊ အခြားအဓိကကျသည့် ဥပဒေများရေးဆွဲရာတွင်လည်း ၎င်းအချက်သည် အရေးပါကြောင်း ယာယီသမ္မတက ​ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမျိုးသား အဆင့်အားလုံးပါဝင်သည့် အခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် ငြိမ်းချမ်း ရေးစကားဝိုင်း၊ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် နည်းဗျူဟာများဖော်ထုတ်နိုင် ရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်နှင့်

နိုင်ငံတစ်ဝန်းတွင်ရှိသည့်လူငယ်များ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များတွင် စိတ်ပါဝင်စားမှုရှိလာစေရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များကိုလည်း ကျင်းပပေးခဲ့ကြောင်း၊ အဆိုပါဖိုရမ်များမှရရှိသည့် ဆွေးနွေးချက်များသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက်များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေးကိုဆောင်ရွက်ရာ၌ လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ၏အနာဂတ်ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ​ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက Video Conferencing ဖြင့်တက်ရောက်ကြ​ကြောင်း သိရသည်။

Most Read

Most Recent