ကျောင်းသားလူငယ်များ အာကာသနည်းပညာဆိုင်ရာများ သိရှိစေရန်အတွက် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းအား မတ် ၉ ရက်က အာကာသပြတိုက်(ရန်ကုန်)တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အာကာသနည်းပညာဆိုင်ရာ အခြေခံ သဘောတရားများကို နားလည်သဘောပေါက်စေရန်၊ အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ စိတ်ဝင်စားမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မြှင့်တင်ပေးရန်နှင့် အနာဂတ်တွင် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရပ်များကို ဆက်လက်လေ့လာရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဗဟုသုတများတည်ဆောက်ပေးရန် ရည်ရွယ်၍ အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စတင်ဖွင့်လှစ်မည့် သင်တန်းတွင် Grade 9၊ 10၊ 11 တို့မှ ကျောင်းသား/ ကျောင်းသူ ၂၀၇ ဦး တက်ရောက်မည်ဖြစ်ကာ အာကာသအေဂျင်စီမှ သင်တန်းနည်းပြငါးဦးမှ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၉ ရက်မှ ဧပြီ ၃ ရက်ထိဖြစ်ကြောင်း သိရသည်။
အာကာသအေဂျင်စီမှ သင်တန်းနည်းပြ ငါးဦးမှ ကျောင်းသား/ ကျောင်းသူများအား အထက (၂)ဒဂုံတွင် သင်တန်းပို့ချမည်ဖြစ်ကာ နှစ်စဉ်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုလို မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်တဲ့ အာကာသပညာဆိုင်ရာ သင်တန်းကို ဖွင့်ပေးတာက ကလေးတွေအတွက် အရမ်းကောင်းပါတယ်။ အနာဂတ်ကလေးတွေအနေနဲ့ အခုလိုနည်းပညာဆိုင်ရာကို လေ့လာခွင့်သင်ယူရတာလည်း ကောင်းပါတယ်” ဟု အင်းစိန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။
အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်သည့် သင်တန်းဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အာကာသပြတိုက်(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။















