ခံဝန်ထိုးပြီးသည့် အောင်ဇဗ္ဗူဇာတ်အဖွဲ့မှာ စင်ပေါ်တွင် ထပ်မံနောက်ပြောင်ခဲ့ပြီး သဘင်အစည်းအရုံးမှာ နောက်ပြောင်ရမည့် အဖွဲ့အစည်းမဟုတ်ဟု သဘင်အစည်းအရုံးဥက္ကဌ ပြောကြား

ခံဝန်ထိုးပြီးသည့် အောင်ဇဗ္ဗူဇာတ်အဖွဲ့မှာ စင်ပေါ်တွင် ထပ်မံနောက်ပြောင်ခဲ့ပြီး သဘင်အစည်းအရုံးမှာ နောက်ပြောင်ရမည့် အဖွဲ့အစည်းမဟုတ်ဟု သဘင်အစည်းအရုံးဥက္ကဌ ပြောကြား
Published 1 March 2026

■သဘင်ကို ဆင်ဆာလုပ်ရန် ခက်ခဲပြီး ကျင့်ဝတ်၊ အသိများနှင့်သာ ထိန်းသိမ်းရသည်ဟု ဆို

သဘင်အစည်းအရုံးမှာ နောက်ပြောင်ရမည့် အဖွဲ့အစည်းမဟုတ်ဘဲ သဘင်ပညာမှာ မိမိအသိစိတ်နှင့်သာ ထိန်းကျောင်းရမည်ဟု မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဌ ဦးဖိုးချစ်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၈ ရက်က သဘင်အစည်းအရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

" ပထမအကြိမ် ခံဝန်ထိုးပြီးသားအဖွဲ့က စင်ပေါ်မှာ နှစ်ပါးသွားကရင်းနဲ့ ပြက်လုံးပြက်ပါတယ်။ လက်မှတ်ထိုးရ မယ်နော်... ဒီတခါလက်မှတ်ထိုးခိုင်း ရင်တော့ ဖင်ထဲထိုးထည့်လိုက်တော့မယ်တဲ့။ ကျွန်တော်တို့က နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ အစည်းအရုံးပါ။ လှောင်စရာပြောင်စရာ မဟုတ်ပါဘူး။ အဲ့ဒီလိုစကားမျိုး နောက်တခါ လက်မှတ်ထိုးခိုင်းလို့ကတော့ အဲ့လိုလုပ်လိုက်မယ်ဆိုတော့ အံ့သြပါတယ်။ အဲ့လိုပြောမယ်ဆိုတာကို မထင်ထားဘူး။ ကျွန်တော်လည်း အံ့သြပါတယ်။ ကျွန်တော်မမျှော်လင့်ထားဘူး။ ဘာလို့လဲ ဝန်ခံကတိ လာထိုးကတည်းက ကျွန်တော် သေချာမှာလိုက်တာပါ" ဟု မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဌ ဦးဖိုးချစ်က ပြောကြားသည်။

ယင်းဇာတ်အဖွဲ့မှာ ပထမအကြိမ် ခံဝန်ထိုးပြီးစဉ်က ထုတ်ပြန်သည့်စာတွင် ပြင်ဆင်လိုသည့်အချက်များကိုလည်း ပြန်လည်ပြင်ဆင်ပေးခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။

" နောက်တခုက ဝန်ခံကတိ လက်မှတ်ထိုးပြီးမှ အဲ့စာလေးက အဆင်မပြေလို့ ပြင်ပေးပါဦး အကိုဆိုလို့ သူတို့ပြင်ချင်တဲ့အတိုင်းကို ကျွန်တော် အဲ့ဒီစာလေးကို ည ၈ နာရီအထိ ကျွန်တော်ပြန်လာပြီးတော့ ပြင်ပေးလိုက်ပါတယ်။ သူတို့ကြည့်ပြီးတဲ့ဟာ လက်မှတ်ထိုးပြီးမှကို ကဲရုံးအဖွဲ့ပြန်ခေါ် ပြန်ရိုက်ဆိုပြီးတော့ သူတို့ပြင်ချင်တဲ့စကားလုံးအတိုင်းကို ဟုတ်ပါတယ် ကျွန်တော်ပြင်ပေးပြီးမှ လက်မှတ်လေးပြန်ပြောင်းလိုက်တာပါ" ဟု ဦးဖိုးချစ်က ပြောကြားသည်။

သဘင်မှာဆင်ဆာ မရှိကြောင်း၊ လုပ်ငန်းသဘောအရ ကိုင်တွယ်ရခက်ခဲသည့် သဘင်ပညာရပ်မှာ ကျင့်ဝတ်နှင့်သဘင့်အပေါ်ထားသည့် စိတ်ထားနှင့်သာ ထိန်းချုပ်ရသည်ဟု ဦးဖိုးချစ်က ပြောကြားသည်။

" သဘင်က ဆင်ဆာမရှိပါဘူး။ အလွန်အန္တရာယ်ကြီးပါတယ်။ ရုပ်ရှင်ကဆင်ဆာရှိတယ်။ အများပြည်သူ ပြသရန်မသင့်ဆိုရင် ဖြတ်ပြီးမှတော့ ပြသရန်သင့်ဆိုမှသာ ပြည်သူလူထုကို ချပြပါတယ်။ ဒါကြောင့်အခုပြသာနာ တွေတက်ကြတာ ဆင်ဆာမပါဘဲနဲ့တက်တဲ့ ဟာတွေကသာလျှင် ပြသာနာတက်တာပါ။ ဆင်ဆာခွင့်ပြုချက် ပါထားပြီးသား ဝေဖန်တာကလွဲလို့ ဥပဒေအရ ဘာမှမဖြစ်ခဲ့ကြပါဘူး။ သဘင်က ဆင်ဆာမရှိပါဘူး။ ဆင်ဆာလုပ်ဖို့လည်း အလွန်ခက်ပါတယ်။ အခုဆို ဘာတွေရေးမယ် ဘာတွေကိုင်မယ် အစအဆုံးတညလုံး လူရွှင်တော်တွေက ဘာပြောမယ်ဆိုတာကို ကျွန်တော်တို့ တနိုင်ငံလုံးရဲ့ အဖွဲ့ပေါင်းများစွာကို ဘယ်လိုထိန်းချုပ် ကြမလဲဗျာ။ ဘယ်လို Control လုပ်ပြီးတော့ စကားဒါပဲပြောရမယ်၊ ဒီနေရာမှာရပ်၊ ဒီလိုသွား ဘယ်လိုပြောရမလဲ သူ့ရဲ့သဘောသဘာဝကြောင့် အလွန်ခက်ခဲတော့ အသိနဲ့ ထိန်းရပါတယ်။ ကျင့်ဝတ်နဲ့ထိန်းရပါတယ်။ သဘင်အပေါ်မှာထားတဲ့ ကိုယ့်ရဲ့စိတ်တန်ဖိုး ကျင့်ဝတ်နဲ့သာ ထိန်းကျောင်းရပါတယ်" ဟု မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဌ ဦးဖိုးချစ်က ပြောကြားသည်။

အောင်ဇဗ္ဗူဇာတ်အဖွဲ့ ခံဝန်ထိုးခဲ့ရသည့် ဖြစ်စဉ်မှာ အရွယ်မရောက်သေးသည့် ကလေးငယ်တစ်ဦးကို စင်ပေါ်တွင် ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူ ပြုလုပ်ခဲ့သဖြင့် ခံဝန်ထိုးရခြင်း ဖြစ်သည်။

လတ်တလောတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ယင်းဇာတ်အဖွဲ့မှာ ကပြဖျော်ဖြေစဉ် မသန်စွမ်းသူများကို လှောင်ပြောင်ဝေဖန်သည်ဆိုသည့် ပြက်လုံးများကြောင့် မသန်စွမ်းအဖွဲ့အစည်းများနှင့် လူအများက ဝေဖန်နေခြင်း ဖြစ်သည်။

Most Read

Most Recent