■ အီရန်အရေးဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးခေါ်ယူ

■ အီရန်အရေးဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးခေါ်ယူ
Published 28 February 2026

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့်အစ္စရေးက အီရန်ကိုတိုက်ခိုက်ခဲ့မှု ၊ အီရန်ဘက်မှလည်း လက်တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။

ရုရှားနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့၏ ထုတ်ပြန်ချက်အရ နယူးယော့ခ်စံတော်ချိန် ညနေ ၄:၀၀ နာရီတွင်စတင်မည့် အဆိုပါအစည်းအဝေးကို ပြင်သစ်၊ ဘာရိန်း၊ တရုတ်၊ ရုရှားနှင့် ကိုလံဘီယာနိုင်ငံတို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့က အမေရိကန်နှင့်အစ္စရေးတို့က အချုပ်အခြာအာဏာပိုင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အီရန်အပေါ် မဆင်မခြင်လုပ်ဆောင်မှုများသည် နိုင်ငံတကာဥပဒေ၏ အခြေခံမူဝါဒများနှင့် စံနှုန်းများကို တိုက်ရိုက်ချိုးဖောက်ခြင်းဟု ပြောကြားခဲ့ပြီး ယခုတိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းတစ်ခွင် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့ကို ထိခိုက်ပျက်ပြားစေမည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။

ရုရှားအစိုးရအနေဖြင့် အမေရိကန်နှင့်အစ္စရေးအား ၎င်းတို့၏တရားမဝင် တင်းမာမှုမြင့်တက်စေသည့်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် တောင်းဆိုသွားမည်ဟု ဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က "အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကို ကျွန်တော်တို့ ရှုတ်ချပါတယ်" ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကာ "အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အင်အားသုံးတိုက်ခိုက်မှုတွေနဲ့ အီရန်ရဲ့တုံ့ပြန်မှုတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်စေတယ်" ဟုပြောကြားခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို လေးစားလိုက်နာကြရန်လည်း ဂူတာရက်စ်က တိုက်တွန်းနှိုးဆော်ခဲ့သည်။

အီရန်က ၎င်းတို့တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်း ၁၄ ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု အီရန်ရုပ်သံသတင်းတွင် ကြေညာသွားသည်။

Most Read

Most Recent