အက်သလက်တီကိုအသင်းကို (၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ ပြန်လာနိုင်စွမ်းရှိသေးတယ်လို့  ဟန်ဆီဖလစ်ခ် ပြောကြား

အက်သလက်တီကိုအသင်းကို (၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ ပြန်လာနိုင်စွမ်းရှိသေးတယ်လို့  ဟန်ဆီဖလစ်ခ် ပြောကြား
Photo: X
Photo: X
Published 13 February 2026

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့မှာ အက်သလက်တီကိုအသင်းကို (၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ ပြန်လာနိုင်စွမ်းရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့လက်ရှိချန်ပီယံအသင်းဖြစ်သလို ချန်ပီယံဆု ထပ်မံရရှိဖို့ ရေပန်းအစားဆုံးအသင်းလည်းဖြစ်ခဲ့ပေမဲ့ အက်သလက်တီကိုကွင်းမှာ အံ့အားသင့်ဖွယ် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။

အက်သလက်တီကိုအသင်းရဲ့ သွင်းဂိုး(၄)ဂိုးစလုံးကို ပထမပိုင်းမှာ ရရှိခဲ့တာဖြစ်ပြီး (၈၅)မိနစ်မှာ ဘာစီလိုနာနောက်ခံလူ ဂါစီယာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ဒုတိယအကျော့ကို မတ်လ(၃)ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဟန်ဆီဖလစ်ခ်ကတော့ နူးကမ့်ကွင်းမှာ (၄-၀)ဂိုးရလဒ်နဲ့ပဲ ပြန်အနိုင်ယူဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။

''ကျွန်တော်တို့ ပထမပိုင်းမှာ အရမ်းကောင်းအောင် မကစားနိုင်ခဲ့ပါဘူး။ ကစားသမားတွေရဲ့ကြားမှာ အကွာအဝေးက အရမ်းများပြားနေခဲ့ပြီး လိုချင်သလိုလည်း ပြိုင်ဘက်ကို ဖိအားမပေးနိုင်ခဲ့ပါဘူး။ ပထမပိုင်း (၄၅)မိနစ်မှာ ကျွန်တော်တို့ သင်ခန်းစာပေးခံခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသင်းအတွက် ကျွန်တော် ဂုဏ်ယူနေဆဲပါပဲ။ ဒီနေ့ပွဲရဲ့ ပထမပိုင်း(၄၅)မိနစ်တော့ မပါနိုင်ဘူးပေါ့။ ဒါပေမဲ့ တစ်ရာသီလုံးအနေနဲ့ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ တစ်ရာသီလုံး ဒဏ်ရာရကစားသမားတွေ ဘယ်လောက်များခဲ့လဲ ဆိုတာ ခင်ဗျားမြင်မှာပါ။ ကျွန်တော်တို့ ပြန်လာမှာပါ။ ဒုတိယအကျော့ကစားဖို့ ရှိပါသေးတယ်။ တစ်ပိုင်းစီမှာ (၂-၀)ဂိုးတွေနဲ့ အနိုင်ရဖို့ ရည်မှန်းထားပါတယ်။ နူးကမ့်မှာ ပရိသတ်တွေအတွက် ဒီလိုလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent