ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် Agent of Myanmar အဖွဲ့အား လူမှုကွန်ရက်နှင့် မြေပြင်၌ ထောက်ခံခြင်းများ ပြုလုပ်ရာတွင် ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကားများ မပြုလုပ်ကြရန်အပါအဝင် မပြုလုပ်ရမည့် အချက်များကို ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို တွေ့ရကြောင်း၊ အဖွဲ့အစည်းအသီးသီးမှ လူမှုကွန်ရက်ပေါ်တွင် ထောက်ခံအားပေးသည့် Post များရေးသားခြင်း၊ ထုတ်ပြန်ချက်များထုတ်ပြန်ခြင်း၊ မြေပြင်ထောက်ခံပွဲများပြုလုပ်ခြင်းများကို မည်သူ့တိုက်တွန်းချက်မှမပါဘဲ အားတက်သရောလုပ်ဆောင်နေကြသည်ကို လေးစားဂုဏ်ယူဖွယ် အသိအမှတ်ပြုကြောင်း ကြေညာချက်တွင် ပါရှိသည်။
သို့ရာတွင် Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲကာလဖြစ်သဖြင့် အားပေးထောက်ခံမှုများအား လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာအသီးသီးတွင် ထောက်ခံပွဲများပြုလုပ်ရာတွင်လည်းကောင်း ဖော်ပြပါအချက်များအား အထူးသတိပြုလိုက်နာကြရန် နှိုးဆောင်ထားကြောင်း သိရသည်။
ယင်းအချက်များမှာ ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်၊ လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများမပြုလုပ်ကြပါရန်၊ တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြပါရန်၊ Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန် စသည်တို့ဖြစ်ကြောင်း သိရသည်။















