■ ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပြည်သူများ လုံခြုံမှုရှိစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေးအဖွဲ့အစည်းများ ညှိနှိုင်းပေါင်းစပ်၍ လုံခြုံရေးစီမံချက်များအတိုင်း အင်အားဖြည့်တင်းပြီး ထိထိရောက်ရောက်ဆောင်ရွက်သွားရန် ပြည်ထဲရေးဝန်ကြီး ပြောကြား

■ ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပြည်သူများ လုံခြုံမှုရှိစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေးအဖွဲ့အစည်းများ ညှိနှိုင်းပေါင်းစပ်၍ လုံခြုံရေးစီမံချက်များအတိုင်း အင်အားဖြည့်တင်းပြီး ထိထိရောက်ရောက်ဆောင်ရွက်သွားရန် ပြည်ထဲရေးဝန်ကြီး ပြောကြား
Published 21 January 2026

■ ဇန်နဝါရီ ၁၉ ရက်အထိ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူခံရသူ ၄၀၄ ဦးရှိ

ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပြည်သူများ လုံခြုံမှုရှိစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေးအဖွဲ့အစည်းများ ညှိနှိုင်းပေါင်းစပ်၍ လုံခြုံရေးစီမံချက်များအတိုင်း အင်အားဖြည့်တင်းပြီး ထိထိရောက်ရောက်ဆောင်ရွက်သွားရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားသည့် နေ့ရက်များအလိုက် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပခဲ့ရာ မဲရုံများသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက် ဆန္ဒမဲလာရောက်ပေးခဲ့မှုမှာ ရွေးကောက်ပွဲ အပိုင်း (၁) တွင် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း (၂) တွင် ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိရှိခဲ့သည်ကို တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

 ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အကြမ်းဖက်သမားများက နှောင့်ယှက်ဟန့်တားဖျက်ဆီးသည့် အကြမ်းဖက်လုပ်ဆောင်ချက်များ ရှိခဲ့သော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ လွတ်လပ်သည့် သဘောဆန္ဒအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိစွာ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပပြုလုပ်စဉ်က ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပိုမိုလုံခြုံစိတ်ချကောင်းမွန်သော လုံခြုံရေးဆိုင်ရာအစီအမံများအတိုင်း အင်အားဖြည့်တင်း၍ ဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲ အပိုင်း (၂) ကို ပိုမိုကောင်းမွန်စွာ ကျင်းပပေးနိုင်ခဲ့သဖြင့် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) ကိုလည်း မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာ လုံခြုံမှုရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လုံခြုံရေးစီမံချက်များအတိုင်း အင်အားဖြည့်တင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြားသည်။

ဆက်လက်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ကြေညာထားသည့် စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့်က သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၃၃၁ မှုတွင် တရားခံအမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ စုစုပေါင်း ၄၀၄ ဦးရှိခဲ့ပြီး ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် တိုင်းဒေသကြီး/ပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရွေးကောက်ပွဲ အပိုင်း (၃) အတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှု အစီအမံများ၊ ရွေးကောက်ပွဲကျင်းပပြီးနောက် ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် လွှတ်တော်အသီးသီး ခေါ်ယူကျင်းပနိုင်ရေး လုံခြုံရေးအစီအမံများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ဒုတိယဥက္ကဋ္ဌများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယ်စားလှယ်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent