အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ၏ အကြီးအကဲက သမ္မတဒေါ်နယ်ထရန့်ကို အလျှော့ပေးအကြိုက်ဆောင်နေမှုများ ရပ်တန့်ပြီး ၎င်းကိုတွန်းလှန်ကြရန် ဥရောပနိုင်ငံများအား ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးတိုက်တွန်းလိုက်သည်။
“ကျွန်မတို့မှာ ပိုမိုခိုင်မာတဲ့ခုခံတွန်းလှန်မှုတွေ လိုအပ်နေပါတယ်။ ဥရောပရဲ့ ဂုဏ်သိက္ခာဟာ စိုးရိမ်ရတဲ့အခြေအနေမှာရောက်နေတယ်”ဟု အမ်နက်စတီအတွင်းရေးမှူးချုပ် အက်ဂနက်စ်ကားလမတ်ကဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင်ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ သီးသန့်ဆွေးနွေးပွဲတစ်ခုတွင် AFP ကို ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းကို တစ်နည်းမဟုတ်တစ်နည်းဖြင့်သိမ်းယူမည်ဟု ထရန့်၏ခြိမ်းခြောက်စကားများ ထွက်လာပြီးနောက် အမ်နက်စတီအကြီးအကဲက ပြောဆိုလိုက်ခြင်းဖြစ်သည်။
အစိုးရများအနေဖြင့် ပိုမိုသတ္တိရှိကြောင်း ပြသရန်၊ ငြင်းဆိုတတ်ရန် ကားလမတ်ကတိုက် တွန်းခဲ့ပြီး “ဗိုလ်ကျတတ်သူတွေနဲ့သဘောတူညီမှုတွေရနိုင်မယ်လို့ ထင်နေတာကိုရပ်လိုက်ပါ ၊ သားကောင်ရှာတတ်သူတွေရဲ့စည်းမျဉ်းတွေကို လိုက်နာနေသရွေ့ကိုယ်တိုင်လည်း သားကောင်ဖြစ်သွားရလိမ့်မယ်ဆိုတာ သတိရပါ”ဟု ၄င်းက သတိပေးသည်။
ဒုတိယကမ္ဘာစစ်အပြီး ဘုံပြဿနာများအတွက် ဘုံစည်းမျဉ်းများကိုရှာဖွေရန် တည်ဆောက်ခဲ့သည့်စနစ်များကို အင်အားကြီးနိုင်ငံများက ဖျက်ဆီးပစ်ရန်ရည်ရွယ်နေပုံကို စိတ်မကောင်းဖြစ်ရသည်ဟုလည်း ၎င်းက ဆိုသည်။
ထရန့်အိမ်ဖြူတော်ကို ပြန်ရောက်လာပြီးကတည်းက ကမ္ဘာတစ်ဝန်းစည်းမျဉ်းအများစုကိုပျက်ပြားစေသည့် ဆုံးဖြတ်ချက်များစွာကိုချခဲ့ပြီး ရုရှားကလည်း ယူကရိန်းကိုကျူးကျော်မှုမှတစ်ဆင့် စနစ်တစ်ခုလုံးကိုဖျက်ဆီး နေကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး တည်ဆောက်ထားသည့်စည်းစနစ်များက ဂါဇာစစ်ပွဲကိုကျူးလွန်ပြီး နိုင်ငံတကာဥပဒေကို လုံးဝလျစ်လျူရှုနေသည့် အစ္စရေးကြောင့်လည်း ပျက်စီးနေရကြောင်း ၊ လက်ရှိတွင်အစားထိုးရန် Plan B လည်းမရှိဘဲ စနစ်ကြီးပျက်စီးနေသည်မှာ အားလုံးအတွက်တုန်လှုပ်စရာဖြစ် သင့်ကြောင်း ၊ ချောက်ထဲကျသွားရုံသာရှိတော့ပြီး ၎င်းကိုတားဆီးရမည်ဖြစ်ကြောင်း ကားလမတ်က ထောက်ပြခဲ့သည်။
ယခုနှစ် ဒါဗို့စ်အစည်းအဝေးကို ဆွေးနွေးညှိနှိုင်းမှုဆိုသည့်ဆောင်ပုဒ်ဖြင့် ကျင်းပနေသော်လည်း ကမ္ဘာ့ဆုံးဖြတ်ချက်ချမှတ်သူများကြား လက်ရှိတွင်ဆွေးနွေးညှိနှိုင်းမှုဆိုသည့်အထောက်အထားမရှိဟုလည်း ကားလမတ်က သတိပေးသည်။
“အနိုင်ကျင့်ဗိုလ်ကျတာ ၊ဖျက်ဆီးတာတွေပဲ တွေ့နေရတယ်။ နိုင်ငံတွေက သူတို့ရဲ့စစ်အင်အား၊ စီးပွားရေးအင်အားကိုသုံးပြီး တစ်ဖက်သတ်သဘောတူညီချက်တွေကို လက်ခံလာအောင်အခြားသူတွေကို အတင်း အကျပ် ဖိအားပေးနေတာတွေပဲတွေ့နေရတယ်”ဟု အမ်နက်စတီအကြီးအကဲ ကား လမတ်ကဆိုပြီး “ကျွန်မတို့ဟာ ၀ါရှင်တန်မှာရှိနေတဲ့ဗိုလ်ကျသူကို အလျှော့ပေးဖို့ကြိုးစားကြတယ်။ ဒီတော့တိုက်ခိုက်မှုတွေ၊ ခြိမ်း ခြောက်မှုတွေပဲ တန်ပြန်ရတယ်။ ဒါတွေကို ရပ်လိုက်ကြပါတော့ ၊ ခုခံကြပါ ၊ တွန်းလှန်ကြပါတော့”ဟု ၎င်းကထပ်ပြီး သတိပေးတိုက်တွန်းခဲ့သည်။
Ref: AFP















