တာမွေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ အစီအစဉ်ဖြင့် အနှေးယာဉ်လုပ်သား ၅၀၀ ကျော်ကို တာယာတစ်လုံး ကျပ်တစ်သောင်းနှုန်း အကြွေးစနစ်ဖြင့် ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အလှူရှင်များက မြို့နယ်အသီးသီးကရှိ သီလရှင်ဆရာလေး အပါး ၁၀၀ ကျော်နှင့် အနှေးယာဉ်လုပ်သားများကို အလှုရှင်များက ဆန်၊ဆီ၊ဆား၊ အခြေခံစားသောက်ကုန်များ အပါအဝင် ငွေသားများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအုံသည် လက်ရှိတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ဇန်နဝါရီ ၂၅ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို မြို့နယ် ၆၃ မြို့နယ်၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် (၁၇) မြို့နယ်ပါဝင်ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)၊ လှိုင်သာယာ(အရှေ့ပိုင်း) တို့ပါဝင်သည်။















