ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် မြစ်ရေပြင်တွင် ရာသီချိန်ငါးသားလောက်ငါး ဖမ်းဆီးသူများပြားကြောင်း သိရသည်။
ငါးသားလောက်များသည် ကမ်းရိုးတန်းတစ်လျောက်၌ အုပ်စုဖွဲ့ကာ နေထိုင်ကျက်စားတတ်ပြီး ရေချိုမြစ်အတွင်း ဥချသားပေါက်တတ်လေ့ရှိကြောင်း၊ သားပေါက်များသည် ငါးလသား၊ ခြောက်လသား အရွယ်တွင် ရေချိုရေငန်စပ်ဒေသနှင့် ပင်လယ်ပြင်တွင် ကျက်စားတတ်ကြောင်း၊ လက်ရှိအချိန်သည် မြစ်အထက်သို့ဆန်တက်သို့ ကာလဖြစ်သည့်အတွက် ဘိုကလေးမြစ်ရေပြင်၌ ငါးဖမ်းဆီးသူများ တွေ့ရခြင်းဖြစ်ဟု ငါးဖမ်းဆီးသူများက ပြောကြားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ငါးသားလောက် ဖမ်းဆီးသူများသည် တစ်ရက်လျှင် ငါးသားလောက်ကောင်ရေ ခြောက်ကောင် ခုနစ်ကောင်နှင့် အထက်ရရှိပြီး ပိဿာချိန်အားဖြင့် တစ်ရက်လျှင် နှစ်ပိဿာခန့် ရရှိကြောင်း၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချပါက တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ခန့် ရောင်းချရကြောင်း သိရသည်။
ငါးသားလောက် ဖမ်းဆီးသူများ စည်းကမ်းမဲ့စွာ ဖမ်းဆီးနိုင်ခြင်း မပြုနိုင်ရေးနှင့် ငါးမျိုးမသုဉ်းစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက တည်ဆဲဥပဒေအရ သုံးထပ်ပိုက်များနှင့် ငါးဖမ်းဆီးခွင့်မပြုခြင်း၊ ပိုက်ကွက်(၄)လက်မအောက် ကျဉ်းသောပိုက်ကွက်များဖြင့် ငါးသားလောက်ပိုက်မျှောခြင်းအား ခွင့်မပြုခြင်း၊ ငါးသားလောက် သားပေါက်ရာသီဖြစ်သည့် စက်တင်ဘာလမှ အောက်တိုဘာလအထိ ငါးမဖမ်းရရာသီအဖြစ်သတ်မှတ်ခြင်း၊ သင့်လျော်သည့် နေရာဒေသများကို ငါးသားလောက်ဘေးမဲ့နေရာအဖြစ် သတ်မှတ်ခြင်းတို့ ဆောင်ရွက်ထားကြောင်း သိရသည်။















