ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ကြီးအား ယာယီသမ္မတက စည်သူဘွဲ့တံဆိပ်တော် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း

ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ကြီးအား ယာယီသမ္မတက စည်သူဘွဲ့တံဆိပ်တော် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း
Published 19 January 2026

ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ယာယီသမ္မတက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စည်သူဘွဲ့တံဆိပ်တော် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အတွက်ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကာကွယ်ရေး နှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့ရာတွင် ပါဝင်ခဲ့သည့် “စည်သူဘွဲ့တံဆိပ်တော်ရ ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ဘွဲ့တံဆိပ်တော်နှင့်အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့(ဇန်နဝါရီ ၁၉ ရက်)နံနက်ပိုင်းတွင် ကျိုင်းယင်းကျောင်းတိုက်၊ ဓမ္မာရုံတော်ကြီး၌ကျင်းပပြုလုပ်ရာ ယာယီသမ္မတ တက်ရောက်၍ ဘွဲ့တံဆိပ်အား ကိုယ်တိုင်လက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဆရာတော်ကြီးများအမှူးပြု၍ ယာယီသမ္မတနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက်ရောက်ကြည်ညိုခဲ့ပြီး ဦးစွာ အခမ်းအနားကို “နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ယာယီသမ္မတ နှင့် အခမ်းအနားတက်ရောက်လာသူများက ကျိုင်းတုံမြို့ နိုင်ငံတော်ဩဝါဒါစရိယ၊ တူးယားကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍဍိတထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြောင်းသိရသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က “စည်သူဘွဲ့တံဆိပ်တော်ရ ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက်ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ဖတ်ကြားလျှောက်ထားခဲ့ကြောင်း သိရသည်။

ယင်းနောက် ယာယီသမ္မတက ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးထံ “စည်သူဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးက ယာယီသမ္မတထံ ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော်မရှင်အတွင်းရေးမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ပြီး ထိုကဲ့သို့ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပြီးစီးသည့်အချိန်တွင် ကြွရောက်ချီးမြှင့်တော်မူသည့် သံဃာတော်များက မေတ္တသုတ်အပါအဝင်ပရိတ်တရားတော်ကို ရွတ်ဖတ်ချီးမြှင့်ပူဇော်ခဲ့ကြောင်း သိရသည်။

 စည်သူဘွဲ့ တံဆိပ်တော်ရ ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက်ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးက ဝမ်းမြောက်ကြောင်းနှင့်ဆုတောင်းမေတ္တာပို့သလွှာ ဩဝါဒကထာမိန့်ကြားတော်မူရာတွင် ပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်အထိသမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ယခုကဲ့သို့ သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးကို နိုင်ငံတော်အစိုးရမှ နိုင်ငံတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်ကို မတွေ့ဖူး၊မကြားဖူးသဖြင့် မိမိကိုယ်တိုင်နှင့် တိုင်းပြည်အုပ်ချုပ်သည့် အစိုးရအဖွဲ့တို့အတွက် ထူးခြားမှုတစ်ခုဟု မှတ်တမ်းတင်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် လက်ရှိ အချိန်တွင် သက်တော်တစ်ရာ့တစ်နှစ်အတွင်းသို့ ရောက်ရှိပြီဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကိုယ်ကျလာရောက်၍ စည်သူဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းသည့်အတွက်လည်း အလွန်ဝမ်းသာဂုဏ်ယူကြောင်း၊ နိုင်ငံတော်ယာယီသမ္မတကြီးနှင့်တကွ တိုင်းသူပြည်သားများအားလုံး ကျန်းကျန်းမာမာချမ်းချမ်းသာသာဖြင့် လုပ်ငန်းဆောင်တာများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝပြည့်စုံကြပါစေရန် ဆုတောင်းမေတ္တာပို့သပါကြောင်းဖြင့် မိန့်ကြားတော်မူသည်။ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျိုင်းတုံမြို့ သာသနဝေပုလ္လ ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇယထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေး ဝေကြသည်။ထို့နောက် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ စည်သူဘွဲ့တံဆိပ်တော်ရ ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးသည် မိုင်းပျဉ်းမြို့ ပိန်းဆန်းကျောင်းစာသင်တိုက်၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောစာသင်တိုက်၊ ပါလျှံလုံကျောင်းစာသင်တိုက်များ တည်ထောင်ဖွင့်လှစ်၍ ပြည်နယ်အတွင်း ပရိယတ္တိသာသနာတည်တံ့အောင် စွမ်းဆောင်လျက်ရှိခြင်းကြောင့်လည်းကောင်း၊ ဆရာတော်ကြီးသည် ဂုံရှမ်းသံဃာတော်များ၏အဓိပတိဖြစ်ပြီး ဂုံရှမ်းဘာသာဖြင့် နှစ်စဉ်သံဒိဋ္ဌဌပြက္ခဒိန်တွက်ချက်ရေးဆွဲခြင်းနှင့် မိုင်းခတ်မြို့ နှီးဘုရားကြီးပြုပြင်ခြင်းအား ဦးဆောင်ပြုပြင်ခြင်းဖြင့် ဘာသာသာသနာအကျိုးတို့ကိုထမ်းဆောင်တော်မူခြင်း၊ ဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခြင်းတို့ကြောင့်လည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များမှ စည်သူဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent