၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ပြီး ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုသည် နိုင်ငံရေး၊ လူမှုရေးနှင့် နည်းပညာဆိုင်ရာပြောင်းလဲမှုများနှင့်အတူ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲလာနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်း (Global Terrorism Index-GTI) အစီ ရင်ခံစာအရ အကြမ်းဖက်မှုပုံသဏ္ဌာန်သည် သမားရိုးကျနည်းလမ်းများမှ နည်းပညာမြင့်မားသည့် Hybrid ပုံစံသို့ ကူးပြောင်းလာနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ Non-State Actor များသည် Drone များကို ပိုမိုအသုံးပြုလာကြောင်း၊ မိမိနိုင်ငံတွင်လည်း အကြမ်းဖက်အဖွဲ့အစည်းများသည် Drone နည်းပညာဖြင့် အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေသည့်အပြင် ဆိုက်ဘာနယ်ပယ်ကို အသုံးပြု၍ ဝါဒဖြန့်ခြင်း၊ ရန်ပုံငွေရှာခြင်းတို့ကိုလည်း ပိုမိုလုပ်ဆောင်လာကြကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ရည်ရွယ်ချက် ၅ ရပ်ဖြင့် ရေးဆွဲ၍ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ အဆိုပါဥပဒေနှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး တာဝန်နှင့်လုပ်ပိုင်ခွင့် ၁၉ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်း ကော်မတီ ၃ ရပ်နှင့် လုပ်ငန်းအဖွဲ့ ၅ ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့ကို ဆန့်ကျင်ရှုတ်ချသူများကိုသာမက မထောက်ခံသူများ၊ အေးချမ်းစွာ နေထိုင်လိုသူများကိုလည်း ရန်သူအဖြစ် သတ်မှတ်ပြီး လုပ်ကြံစွပ်စွဲ သတ်ဖြတ်ခဲ့ကြကြောင်း၊ သို့ဖြစ်၍ ရဟန်းသံဃာများ၊ သီလရှင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေ အုပ်ချုပ်ရေးစသည်တို့အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် သာမန်ပြည်သူများ ထောင်နှင့်ချီပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ပြုစုထားသော စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း အဆောက်အအုံနှင့် ပစ္စည်းများစုစုပေါင်း ၇၅၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံး ခဲ့ကြောင်းနှင့် ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းနောက် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ၊ လက်ရှိဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများ၊ မှတ်တမ်းတင်ပေးရန် ကိစ္စရပ်များ၊ အတည်ပြုပေးရန်ကိစ္စရပ်များ၊ အမျိုးသား အဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးမဟာ ဗျူဟာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများက ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။















