ဇန်နဝါရီမှာ နောက်ခံလူတစ်ဦး ခေါ်ယူဖွယ်ရှိတယ်လို့ ဟန်ဆီဖလစ်ခ် ပြောကြား

ဇန်နဝါရီမှာ နောက်ခံလူတစ်ဦး ခေါ်ယူဖွယ်ရှိတယ်လို့ ဟန်ဆီဖလစ်ခ် ပြောကြား
Photo: X
Photo: X
Published 22 December 2025

ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ နောက်ခံလူတစ်ဦး ခေါ်ယူဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန်ဟာ စနေနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ACL ဒဏ်ရာရရှိသွားခဲ့တာကြောင့် ကာလရှည်အနားယူရတော့မှာဖြစ်တဲ့အတွက် ဟန်ဆီဖလစ်ခ်က နောက်ခံလူသစ် အားဖြည့်ဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။

''ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ တနင်္လာနေ့မှာ ဒေကိုနဲ့ ကျွန်တော် စကားပြောမှာပါ။ ကျွန်တော့်အတွက်တော့ အန်ဒရိစ်(ခရစ္စတန်ဆန်) ပြန်ကောင်းလာဖို့က အရေးအကြီးဆုံးပါ။ လူတိုင်းကလည်း သူ့ကို အားပေးနေကြပါတယ်။ သူက ကိုပါမှာ ကောင်းကောင်းကစားနိုင်ခဲ့သလို၊ လေ့ကျင့်ရေးလည်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ သူ ဒဏ်ရာထပ်ရသွားတာ စိတ်မကောင်းစရာပါပဲ'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။

ခရစ္စတန်ဆန်(၂၉ နှစ်)ဟာ ၂၀၂၂ နွေရာသီမှာ ချယ်လ်ဆီးနဲ့ လမ်းခွဲကာ ဘာစီလိုနာကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး အခုနောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်နေရသူဖြစ်ပါတယ်။ 

ဒါကြောင့် လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ခရစ္စတန်ဆန်ရဲ့နေရာအတွက် ဘာစီလိုနာအသင်းက ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အားဖြည့်ဖွယ်ရှိနေကြောင်း သိရပါတယ်။

 

Most Read

Most Recent