မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ရွေးကောက်ပွဲအား ဆန့်ကျင်ရေးသားထားသည့် စာရွက်များ ကြဲချခဲ့မှုနှင့်ပတ်သက်၍ တေဇာဆန်း အပါအဝင် လူ၁၀ ဦးကို ချမ်းအေးသာစံမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းတွင် ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဒီဇင်ဘာ ၃ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ချမ်းအေးသာစံအနောက်ရပ်ကွက် ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား၌ တေဇာဆန်း အပါအဝင် ၁၀ ဦးက ရွေးကောက်ပွဲ ဆန့်ကျင်စာများ ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တေဇာဆန်း၊ ခန့်ဝေဖြိုး၊ နန်းလင်း၊ ထက်မြတ်အောင်၊ မေချီ (ခ) ချီချီ၊ မရွှန်း (ခ) ရွှန်းရွှန်းနှင့် အမျိုးသားလေးဦး (စိစစ်ဆဲ) တို့က ၂၉ လမ်းအတိုင်း ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ၂၉ လမ်းနှင့် ၈၄ လမ်းထောင့်အရောက်၌ ၈၄ လမ်းနှင့် ၈၅ လမ်းကြားအတွင်း လမ်းလျှောက်သွားကာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် အော်ဟစ်ကာ ရွေးကောက်ပွဲအား ဆန့်ကျင်ရေးသားထားသည့် စာရွက်များအား ကြဲချခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိသဖြင့် တေဇာဆန်း ပါ ၁၀ ဦးတို့အား ဒီဇင်ဘာ ၃ ရက်တွင် ချမ်းအေးသာစံမြို့နယ် အမှတ် (၆) နယ်မြေရဲစခန်း (ပ) ၇၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (ခ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲတွင် ကချင်ပြည်နယ် ရွှေကူမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မြိုင် (၅၉) နှစ်သည် နေအိမ်၌ရှိနေစဉ် KIA လက်နက်ကိုင်အဖွဲ့ဝင်သုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ခြိမ်းခြောက်တားမြစ်ခဲ့သဖြင့် ၎င်းတို့သုံးဦးအား ဒီဇင်ဘာ ၁ ရက်တွင် ရွှေကူမြို့မရဲစခန်း (ပ) ၁၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၂၇ ရက် ည ၁၁ နာရီ ၅ မိနစ်တွင် ကချင်ပြည်နယ် ဟိုပင်မြို့ ခုနစ်မိုင်ကျေးရွာနေ ရပ်/ကျေးစာရေး ဒေါ်မိုးမိုးအောင် (ခ) မမိုး (၆၁) နှစ်သည် နေအိမ်၌ရှိနေစဉ် သေနတ်ကိုင်ဆောင်ထားသူ အမျိုသားလေးဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး မဲစာရင်းစာရွက်ထုပ်အား ခြိမ်းခြောက်တောင်းယူ၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။
ထို့နောက် တောတွင်းအရောက်၌ မဲစာရင်းများအား မီးရှို့ဖျက်ဆီးပြီး ၎င်းအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါ အမျိုသားလေးဦး (စိစစ်ဆဲ) အား ဒီဇင်ဘာ ၇ ရက်တွင် ဟိုပင်နယ်မြေရဲစခန်း (ပ)၄၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄ (ခ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၄၀) ရပ်ကွက်နေ ကျော်မင်းဦး (၄၁) နှစ်သည် ၎င်းအသုံးပြုသည့် “Kyaw Min Oo” Facebook အကောင့်ဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာ၌ Live လွှင့်ပြောကြားခဲ့သဖြင့် ဖော်ထုတ်ဖမ်းဆီးပြီး ကျော်မင်းဦးအား ဒီဇင်ဘာ ၂ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း (ပ)၈၄၃/ ၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဒီဇင်ဘာ ၄ ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အစုကြီးကျေးရွာဘုရားလမ်းထိပ်၌ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဆိုင်းဘုတ်အား အဆိုပါကျေးရွာနေ သန်းကြိုင်စိုး (ခ) ကိုပု (၃၉) နှစ်က ဖျက်ဆီးခဲ့သဖြင့် ၎င်းအား ဒီဇင်ဘာ ၅ ရက်တွင် တက်သစ်နယ်မြေရဲစခန်း (ပ) ၈၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
နိုဝင်ဘာ ၃၀ ရက်တွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို အများပြည်သူ အထင်အမြင်လွဲမှားစေရန်ရေးသားထားသည့် စာသားများအား “Thandar Oo” Facebook အကောင့်မှ ပြန်လည်မျှဝေလွှင့်တင်ထားသည်ကို တွေ့ရှိရသဖြင့် ၎င်းအကောင့်ပိုင်ရှင်အား စိစစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နေ ဒေါ်သန္တာဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား နိုဝင်ဘာ ၃၀ ရက်တွင် တာမွေမြို့မရဲစခန်း (ပ) ၃၆၂/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။















