ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပေါ်တူဂီအသင်း ပထမဆုံးအကြိမ်ဆွတ်ခူး

ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပေါ်တူဂီအသင်း ပထမဆုံးအကြိမ်ဆွတ်ခူး
Photo: X
Photo: X
Published 28 November 2025

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းက သြစတြီးယားအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူပြီး ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ နိုဝင်ဘာ(၃)ကနေ (၂၇)ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းက အုပ်စုအဆင့်မှာ ဂျပန်ရဲ့နောက် ဒုတိယနေရာသာရရှိခဲ့ပေမဲ့ (၃၂)သင်းအဆင့်မှာ ဘယ်လ်ဂျီယံ၊ (၁၆)သင်းအဆင့်မှာ မက္ကဆီကို၊ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်၊ ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်၊ ဗိုလ်လုပွဲမှာ သြစတြီးယားတို့ကို အနိုင်ယူကျော်ဖြတ်ပြီး ချန်ပီယံဆု ရယူခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား မားတီးယပ်စ်မီဒီက ရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို ပေါ်တူဂီဂိုးသမား ရိုမာရီယိုကွန်ညာက ရရှိခဲ့ပေမဲ့ ဂိုးသွင်းအများဆုံးဆုကိုတော့ (၈)ဂိုးသွင်းခဲ့တဲ့ သြစတြီးယားတိုက်စစ်မှူး ဂျိုဟန်နက်စ်မိုဆာက ရရှိခဲ့ပါတယ်။

ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၈၅ ခုနှစ်မှာ ယူ-၁၆ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအမည်နဲ့  စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်ကျင်းပခဲ့တဲ့ အကြိမ်(၂၀)မြောက်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်း (၄၈)သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ် ပထမဆုံးအကြိမ် တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းကတော့ ချန်ပီယံဆု(၅)ကြိမ်ရရှိထားတဲ့ နိုင်ဂျီးရီးယားအသင်းဖြစ်ပြီး ပေါ်တူဂီအသင်းက အရင်က တတိယသာ အမြင့်ဆုံးရရှိခဲ့ဖူးကြောင်း သိရပါတယ်။

Most Read

Most Recent