နိုင်ငံခြားသားများက အယောင်ဆောင်လက်ထပ်ထိမ်းမြားမှုကို ကာကွယ်ရန် လက်ထပ်ကျမ်းကျိန်လွှာပြုလုပ်ပေးရန် လျှောက်ထားလာပါက အလေးထားစိစစ်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ညွန်ကြားလိုက်သည်။
နိုဝင်ဘာ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အဆိုပါညွှန်ကြားချက်တွင် ပြောင်းလဲလာသောအခြေအနေများအရ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ကာ မြန်မာအမျိုးသမီးငယ်များအား ဖြားယောင်း၍ အယောင်ဆောင်လက်ထပ်ပြီး နိုင်ငံမှ ခေါ်ဆောင်သွားသည့် လူကုန်ကူးမှုဖြစ်စဉ်များပြားလာကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။
ယင်းကြောင့် နိုင်ငံခြားသားတို့၏ အယောင်ဆောင်လက်ထပ်ထိမ်းမြားမှုကို ကာကွယ်ရန်အလို့ဌာ လက်ထပ်ထိမ်းမြားကျမ်းကျိန်လွှာ ပြုလုပ်ပေးရန် လျှောက်ထားလာပါက ပိုမိုအလေးထား စိစစ်ရန် လိုအပ်လျက်ရှိသဖြင့် အောက်ပါအချက်များ ပြည့်စုံမှုရှိမရှိ သေချာစွာ စိစစ်ပြီးမှသာ တရားရုံးများက ကျမ်းကျိန်လွှာပြုလုပ်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။
လိုအပ်သည့်အချက်များမှာ ထိမ်းမြားလက်ထပ်မည့် နိုင်ငံခြားသား၏ နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံတွင် ရက် ၃၀ အထက် နေထိုင်ခွင့်ရှိကြောင်း ဗီဇာအထောက်အထား၊ ဗီဇာဖြင့် နေထိုင်စဉ်ကာလအတွင်း လက်ထပ်ထိမ်းမြားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ တင်ပြချက်၊ ထိမ်းမြားလက်ထပ်မှုကို သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ တားမြစ်မှုမရှိကြောင်း သက်ဆိုင်ရာ သံရုံး၏ ထောက်ခံချက်အစရှိသည်တို့ကို စိစစ်ရမည်ဖြစ်သည်။
သက်ဆိုင်ရာ သံရုံး၏ ထောက်ခံချက်တွင် လူပျို/ အိမ်ထောင်မရှိသူ၊ သက်ဆိုင်ရာနိုင်ငံတွင် အမြဲတမ်းနေရပ်လိပ်စာနှင် အလုပ်အကိုင်၊ ဝင်ငွေ၊ ရာဇဝတ်မှုကင်းရှင်းကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်များ၊ အလုပ်အကိုင်တွင် ကိုယ်ပိုင်လုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာမှ ထုတ်ပေးထားသော လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်၊ မြန်မာနိုင်ငံသား အမျိုးသမီး/ အမျိုးသားများ အခြားနိုင်ငံသားများနှင့် ထိမ်းမြားပါက နိုင်ငံသားဖြစ်ခွင့်ရှိမရှိ သက်ဆိုင်ရာနိုင်ငံ၏ ထောက်ခံချက်၊ မိဘနှစ်ပါးမှ မွေးဖွားလာသည့် ကလေးများ နိုင်ငံသားရနိုင်မှုရှိမရှိ သက်ဆိုင်ရာနိုင်ငံ၏ ထောက်ခံချက်/ ဥပဒေ အစရှိသည်တို့ လိုအပ်ကြောင်း ဖော်ပြထားသည်။















