ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ၁၂၀ ဘီလျံခန့် တန်ဖိုးရှိ အိုက်စ် ၄၀၀၀ ကီလိုဂရမ်နှင့်အတူ AA အဖွဲ့မှ စီးပွားရေးတာဝန်ခံ ခင်ထွန်း အပါအဝင် ၂၄ ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ (၁)ရပ်ကွက်၊ ဆင်အိုးဖိုရပ်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉)၌ မြေအောက်ခန်းအတွင်း သိုဝှက်ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် အိုက်စ်(ICE)မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်၊ တန်ဖိုးကျပ် ၁၂၀ ဘီလျံခန့်နှင့်အတူ AA အဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်း နှင့် ပုသိမ်မြို့၌ မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးသူ လမင်းခန့် တို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူ နှစ်ဦး၏ ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဇော်ဂျီလမ်းရှိ ရွှေလမင်းဆေးရုံ၌ နိုင်လင်း အားလည်းကောင်း၊ ပုသိမ်မြို့နယ်၊ (၉)ရပ်ကွက်၊ ထင်းပုံဆိပ်ကျေးရွာ၌ ဇော်မင်းထွန်း(ခ)ညီပု အားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စုရေပြင်၌ မူးယစ်ဆေးဝါး ပို့ဆောင်ရာတွင်အသုံးပြုသည့် MV ရွှေလက်ဝါးကုန်တင်သင်္ဘော တစ်စီးနှင့်အတူ လှေလုပ်သားများဖြစ်ကြသည့် မောင်စိုး(ပဲ့နင်း) ၊ ခင်ဝင်း ၊ အောင်ဆန်းဦး ၊ အောင်ဇင်လတ် ၊ ဝင်းနိုင် ၊ အောင်လင်း ၊ ကျော်မင်းလတ်၊ ဟိန်းမင်းသူ ၊ ကျော်ကိုကိုထွေး ၊ သန်းထိုက်ဦး တို့ ၁၀ ဦး အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၆ ရက် နေ့ ညနေပိုင်းတွင် ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်၌ ဝင်းဝင်းထွန်း(ခ)ဝင်းထွန်း အားလည်းကောင်း၊ ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြပုလဲသွယ်လမ်း၌ အောင်မျိုးဝင်း(ခ)မင်းသားကြီး အားလည်းကောင်း၊ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာအုပ်စု၊ မော်တော်ကုန်းကျေးရွာ၌ အာဆာ(ခ)ဝတုတ် အားလည်းကောင်း၊ ယင်းနေ့ ညပိုင်းတွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ ဘောဇဝတီဆန်ဆိုင်တွင် မူးယစ်ဆေးဝါးများ ထိန်းသိမ်းပေးသူ ဒိုရာစတီဗင် အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုဆိပ်ကမ်း၌ လွန်းတင်ထားသော မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုသည့် MV ရွှေဝတီကုန်တင် သင်္ဘော တစ်စီးအား လည်းကောင်း၊ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မူးယစ်ဆေးဝါးများ အားပုသိမ်မြို့မှ မလေးရှားနိုင်ငံသို့ ပို့ဆောင်ခိုင်းသူ "ဘောဇဝတီ" ဆန်လုပ်ငန်းနှင့် "Utopia Future" အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတို့အား ဟန်ပြလုပ်ကိုင်နေသော မောင်ငယ် အားလည်းကောင်း၊ နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အင်ကြင်းလမ်း၌ မူးယစ်ဆေးဝါးပို့ဆောင်ရာတွင်ပါဝင်ခဲ့သူ လှေလုပ်သား အောင်စိုးလင်း နှင့် အောင်ကိုလင်း တို့ ညီအစ်ကို နှစ်ဦးအား လည်းကောင်း၊ နိုဝင်ဘာ ၉ ရက် ညနေပိုင်းတွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းရှိ ဘောဇဝတီဆန်ဆိုင်အနီးတွင် ထွန်းထွန်းလင်း အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက် နေ့လည်ပိုင်းတွင် မူးယစ်ဆေးဝါးများပို့ဆောင်ရန် စေခိုင်းသူ ကွင်းဆက်တရားခံ အားဝေ(ခ)ရှောက်ထန် (ခ)သန်းမောင်(ဖမ်းဆီးရန်ကျန်)၏ အိမ်အမှတ်(၉/၄၇၀)၊ ရတနာလမ်းသွယ်(၈)၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့ နေအိမ်အား သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အမေရိကန်နိုင်ငံထုတ် M-4,A-1 သေနတ် တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၂၆ တောင့်၊ အီတလီနိုင်ငံထုတ် BERETTA အမျိုးအစား ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု ၊ အမေရိကန်နိုင်ငံထုတ် SIG SAUER အမျိုးအစားပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု တို့အားလည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်တွင် ကျောင်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဌာနလမ်း၌ ဒိုရာမော့စ် နှင့် ပုသိမ်မြို့၊ (၃)ရပ်ကွက်၊ မြကျွန်းသာအိမ်ရာရှိ ရွှေမင်းသမီးဟိုတယ်၌ ပီတာဖိုး တို့ နှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖြစ်စဉ်တွင် တရားခံအမျိုးသား ၂၄ ဦး၊ M-4, A-1 သေနတ် တစ်လက်၊ ပစ္စတို နှစ်လက်၊ ကုန်တင်သင်္ဘော နှစ်စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်များအရ တာချီလိတ်မြို့နေ အားဝေ(ခ)ရှောက်ထန် (ခ)သန်းမောင်(ဖမ်းဆီးရန်ကျန်)နှင့် ဝမ်ဟိုင်းကျေးရွာနေ တာကော(ဖမ်းဆီးရန်ကျန်)တို့မှ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှထွက်ရှိသည့် မူးယစ်ဆေးဝါးများအား ဆီဘောက်ဆာယာဉ်များတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရန် သီးသန့်ပြုလုပ်ထားသည့် လျှို့ဝှက်အကန့်များအတွင်း၌ လည်းကောင်း၊ ကုန်တင်ယာဉ်များတွင် အခြားသောကုန်ပစ္စည်းများနှင့် ရောနှောပုံဖျက်၍လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ပုသိမ်မြို့သို့ ပို့ဆောင်ပေးခဲ့ရာ ပုသိမ်မြို့ရှိ မောင်ငယ် ပိုင်ဆိုင်သည့် ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ်(၁၉)၌ ခေတ္တထိန်းသိမ်းသိုဝှက်၍ မောင်ငယ်နှင့်အဖွဲ့ မှ မလေးရှားနိုင်ငံသို့ လည်းကောင်း၊ AA အဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနှင့်အဖွဲ့မှ ရခိုင်ပြည်နယ်သို့ လည်းကောင်း ပို့ဆောင်ရန် စီစဉ်လျက်ရှိစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိထားသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန်တရားခံများနှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















