တပ်မတော်နှင့် TNLA အဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကာ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ TNLA အဖွဲ့ ဆုတ်ခွာရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်မတော်နှင့် TNLA ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့နှင့် PSLF/TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ပြီး တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး၊ တအာင်းဒေသကိုလည်း မြန်မာတပ်မတော်က လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုဘဲ အောက်တိုဘာ ၂၉ ရက်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း TNLA က ထုတ်ပြန်သည်။
ယခုသဘောတူညီချက်နှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
၁၀၂၇ အမည်ဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့်အတူ TNLA အဖွဲ့က တိုက်ပွဲများဖော်ဆောင်ပြီး နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ကွတ်ခိုင်မြို့များအထိ တိုက်ခိုက်မှုများပြုလုပ်ပြီး မြို့များကို ဝင်ရောက်ထိန်းချုပ်ခဲ့သည်။
ထိုသို့ TNLA က ဝင်ရောက်ထိန်းချုပ်ခဲ့သည်မြို့များကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ရန် လေကြောင်းပစ်ကူနှင့် မြေပြင်ထိုးစစ ်ပေါင်းစပ်၍ စစ်ဆင်ရေးများ ပြန်လည်ဆောင်ရွက်ခဲ့ရာ TNLA ထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်တွင်လည်းကောင်း၊ အောက်တိုဘာ ၁ ရက်တွင် ကျောက်မဲမြို့ကိုလည်းကောင်း၊ အောက်တိုဘာ ၁၇ ရက်တွင် သီပေါမြို့ကိုလည်းကောင်း တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည်။
တပ်မတော်အနေဖြင့် TNLA ယာယီထိန်းချုပ်ထားသည့် မြို့များကို ပြန်လည်ထိန်းချုပ်ရရှိရေးအတွက် TNLA အား စစ်ရေးအရ ဖိအားပေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အခြားသော TNLA ယာယီထိန်းချုပ်ထားသည့် မြို့များတွင် တပ်မတော်မြေပြင်စစ်ကြောင်းများ ရောက်ရှိတိုက်ခိုက်ခြင်း မရှိသေးသော်လည်း လေကြောင်းပစ်ခတ်မှုများဖြင့် စစ်ဆင်ရေးများ အစပျိုးကာ တိုက်ခိုက်လျက်ရှိနေချိန်တွင် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲ၍ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များမှ TNLA က ပြန်လည်ဆုတ်ခွာမည်ဟု သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။















